ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၈ ) ရက်။
အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေမှုများကြောင့် ထောင်ဒဏ် ( ၁၂ ) နှစ်ကျခံနေရသော အီရန်နိုင်ငံသူ Mrs. Narges Mohammadi အား ၂၀၂၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်ခြင်းနှင့် ပတ်သတ်၍ မိမိတို့အပါအဝင် မြန်မာ ပြည်သူပြည်သားများမှ နှစ်ထောင်းအားရ ဝမ်းသာဂုဏ်ယူပါသည်။ ဤကဲ့သို့ချီးမြှင့်ခြင်းသည် ထိုအမျိုးသမီး တစ်ဦးတည်းကိုသာမက အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူများ အပါအဝင် ကမ္ဘာပေါ်ရှိပုဂ္ဂိုလ်များ အားလုံးကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။
အလားတူပင် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေး နှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထိုကဲ့သို့ အပ်နှင်းခြင်းသည် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတိုက်ပွဲတွင် အဓိကမောင်းနှင်အား တစ်ခုဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူများကို အကာအကွယ် များစွာပေးရာရောက်ပါသည်။
အမျိုးသမီးအခွင့်အရေးအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအားလုံးသည် ကမ္ဘာတဝန်းလုံးရှိ လူသားတိုင်း ခံစားသင့်ခံစားထိုက်သော အခွင့်အရေးများဖြစ်ပါသည်။ ထို့အပြင် အမျိုးသမီးများ၏အခွင့်အရေး၊ ကျားမတန်းတူရေး၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုများကို လုံးဝပပျောက်ရေးတို့သည် ကမ္ဘာပေါ်တွင်မရှိမဖြစ် လိုအပ်ပါသည်။ သို့ဖြစ်သောကြောင့် မိမိတို့ ပြည်သူများအနေဖြင့် အဆိုပါ အမျိုးသမီးအခွင့်အရေးများ ရရှိကျင့်သုံးနိုင်သည်အထိ တိုက်ပွဲဝင်သွားရမည်ဖြစ်ပါသည်။
ယခုစစ်အုပ်ချုပ်ရေးအောက်တွင် မြန်မာအမျိုးသမီးများသည် လူ့အခွင့်အရေးများနှင့် အမျိုးသမီးအခွင့်အရေးများ ကို လုံးဝဆုံးရှုံးနေပါသည်။ မြန်မာပြည်ရှိ အမျိုးသမီးများစွာမှာ လက်နက်အားကိုးနှင့် ညှဉ်းပန်းနှိပ်စက်မှုများ၊ အဓ္ဓမပြုကျင့်မှုများနှင့် မတရားသတ်ဖြတ်မှုများကို ခံစားနေကြရပါသည်။ မိမိတို့အနေဖြင့် အမျိုးသမီးများအပေါ် ထိုကဲ့သို့လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ပြင်းထန်စွာရှုံ့ချပြီး တရားဥပဒေအရ အရေးယူနိုင်သည်အထိ ကြိုးပမ်း အားထုတ်သွားမည် ဖြစ်ပါသည်။
အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသောသူများကို ငြိမ်းချမ်းရေးဆုများ ချီးမြှင့် ခြင်းသည် အလွန်တရာထိရောက်သော အားပေးကူညီမှုဖြစ်ပါသည်။ မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မဆုတ် မနစ်ဆက်လက် ကြိုးပမ်းသွားပါမည်။ ထိုသို့ကြိုးပမ်းရာတွင် အဓိကအဟန့်အတားဖြစ်သည့် စစ်အာဏာရှင်ကို တွန်းလှန်ဖယ်ရှား သွားပြီး ဒီမိုကရေစီနှင့် အမျိုးသမီးများ၏ အခွင့်အရေးအပါအဝင် လူ့အခွင့်အရေးများအားလုံးကို အာမခံသည့် ဖက်ဒရယ် ပြည်ထောင်စုကို မြန်မာပြည်သူအားလုံးနှင့် အတူတူ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားပါမည်။
နိဂုံးချုပ်အနေဖြင့် အမျိုးသမီးအခွင့်အရေးအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မြန်မာပြည်တွင် ထွန်းကားရေးအတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြသော ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြု ပါသည်။ ထိုကဲ့သို့ တိုက်ပွဲ ဝင်ရင်း ကျဆုံးသွားခဲ့ကြသော အာဇာနည်ပုဂ္ဂိုလ်များအားလုံးကိုလည်း အလေးပြုအပ်ပါသည်။ ပြည်သူများအားလုံး ကြောက်ရွံ့မှု များမှ ကင်းဝေးပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့် ကျားမတန်းတူ အခွင့်အရေးရရှိနိုင်ရေးအတွက် မိမိတို့အပါအဝင် မြန်မာပြည်သူ များအားလုံးမှ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကို ထပ်လောင်းပြောကြားအပ်ပါသည်။
NEW MYANMAR FOUNDATION

