America and China at the Edge of Ruin – Part 1

Feb 16, 2026 | ANNOUNCEMENT, Featured | 0 comments

မိတ်ဆွေများခင်ဗျား

ဒေးဗစ် အမ် လမ်ပ်တန် နှင့် ဝမ်ကျိစိ တို့ ရေးသားထားသော “အမေရိကန်နှင့် တရုတ်တို့ ပျက်စီးခြင်း ဂျောက်ကမ်းပါးအစွန်းသို့ ရောက်နေခြင်း” (America and China at the Edge of Ruin)ဆိုသည့် ဆောင်းပါးကို ပေးပို့အပ်ပါသည်။

နိုင်ငံခြားရေး Foreign Affairs ပါ ဤဆောင်းပါးသည် အမေရိကန်နှင့် တရုတ်တို့အကြား ဖြစ်ပွားနေသော တင်းမာမှုများကို အရှိန် လျှော့ချရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန် အလေးအနက် တိုက်တွန်း ထားခြင်း ဖြစ်ပါသည်။

အနှစ်ချုပ်မှာ

 ၂၀၁၀ ပြည့်နှစ်များ အစောပိုင်းမှစ၍ ဝါရှင်တန်နှင့် ပေကျင်းတို့၏ ဆက်ဆံရေးသည် သာမန် ပြိုင် ဆိုင်မှုအဆင့်မှ တဖက်နှင့်တဖက် အမျိုးသားလုံခြုံရေးအတွက် အဓိကခြိမ်းခြောက်မှုအဖြစ် သတ်မှတ်လာ  ကြသည်။ နှစ်နိုင်ငံလုံးတွင် ပြည်တွင်းနိုင်ငံရေး လှုံ့ဆော်မှုများ၊ ဗျူရိုကရေစီယန္တရား၏ အားနည်းချက်များ နှင့် နိုင်ငံ၏ အဆင့်အတန်းအပေါ် စိုးရိမ်ပူပန်မှုများကြောင့် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။ အထူး သဖြင့် စီးပွားရေးနှင့် နည်းပညာကဏ္ဍများတွင် တဖက်နှင့်တဖက် ဟန့်တားရန် ကြိုးပမ်းလာကြသည်။

လက်ရှိတွင် နှစ်နိုင်ငံလုံးသည် ပျက်စီးခြင်း၏ အစွန်းတစ်ဖက် (သို့မဟုတ်) စစ်မက်ဖြစ်ပွားနိုင်ခြေ ရှိသည့် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေသည်။ ဤတင်းမာမှုသည် နှစ်နိုင်ငံလုံး၏ စီးပွားရေး နှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ထိခိုက်စေနိုင်ပါသည်။

ဤဆိုးရွားသော အခြေအနေမှ ပြန်လည်ဆုတ်ခွာရန် “နောက်ဆုံးအခွင့်အရေး” တခု ကျန်ရှိနေ သေးသည်။ နှစ်ဖက်စလုံးအနေဖြင့် အကျိုးစီးပွားချင်း ဆန့်ကျင်နေသော်လည်း ပဋိပက္ခမဖြစ်ပွားစေရန် ‘မျှခြေ’ တစ်ခုကို ပြန်လည်တည်ဆောက်သင့်သည်။ ပေကျင်းနှင့် ဝါရှင်တန်တို့သည် ၎င်းတို့၏ ရည်မှန်း ချက် များနှင့် ချဉ်းကပ်ပုံများကို ပြန်လည်ညှိနှိုင်းရန် လိုအပ်သည်။ တဖက်နှင့်တဖက် ထားရှိသော သံသယ များကို လျှော့ချပြီး၊ ခေတ္တရရှိထားသော ဤအခွင့်အရေးကို အသုံးချကာ ဆက်ဆံရေး အခြေအနေသစ် တခုကို ဖော်ဆောင်ရမည်။

အကယ်၍ ဤအခွင့်အရေးကို ဆုံးရှုံးလိုက်မည်ဆိုပါက အနာဂတ်တွင် နှစ်နိုင်ငံလုံး၏ မဟာဗျူဟာ မြောက် အကျိုးစီးပွားများကို ကာကွယ်ရန် မဖြစ်နိုင်တော့ပေ။ သမ္မတ နစ်ဆင်၏ ခရီးစဉ်အတွင်း ကိုးကား ခဲ့သော မော်စီတုန်း၏ ကဗျာကဲ့သို့ပင် “နှစ်တစ်သောင်းမှာ ရှည်ကြာလွန်းသည်” ဖြစ်ရာ၊ ယခုအချိန်၌ပင် အရေးတကြီး ထိတွေ့ဆက်ဆံရန် လိုအပ်နေပြီ ဖြစ်ကြောင်းပြောထားသည်။

ဘာသာြပန်ပေးသူ ဆရာဦးဇော်လွင်အား အထူးကျေးဇူးတင်ရှိပါသည်။

အမေရိကန်နှင့် တရုတ်တို့ ပျက်စီးခြင်း ဂျောက်ကမ်းပါးအစွန်းသို့ ရောက်ရှိနေခြင်း

အဆုံးစွန်သော အခြေအနေမှ ပြန်လည်ဆုတ်ခွာရန် နောက်ဆုံးအခွင့်အရေး

ဒေးဗစ် အမ် လမ်ပ်တန် နှင့် ဝမ်ကျိစိ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်

(ဆောင်းပါရေးသားသူများ-

ဒေးဗစ် အမ် လမ်ပ်တန် သည် ဂျွန်ဟော့ကင်းစ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ကျောင်းမှ ဂုဏ်ထူးဆောင်ပါမောက္ခနှင့် ဝါရင့်သုတေသနပညာရှင် တစ်ဦးဖြစ်သည်။ သူသည် အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး “Living U.S.-China Relations: From Cold War to Cold War” စာအုပ်ကို ရေးသားသူလည်း ဖြစ်သည်။

ဝမ်ကျိစိ သည် ပေကျင်းတက္ကသိုလ်၊ နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေး တက္ကသိုလ် တည်ထောင်သူ ဥက္ကဋ္ဌနှင့် Boya Chair ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်သည်။ သူသည် “Stories of the Cold War” စာအုပ်ကို ရေးသားသူ ဖြစ်သည်။)

၂၀၁၀ ပြည့်နှစ်များ အစောပိုင်းကာလမှစတင်၍ ပေကျင်းနှင့် ဝါရှင်တန်တို့အကြား ဆက်ဆံ ရေးသည် သတိထား၍ ထိတွေ့ဆက်ဆံရာမှ တင်းမာသော ပြိုင်ဆိုင်မှုဆီသို့ တဖြည်းဖြည်း ပြောင်း လဲ လာခဲ့သည်။ တဆင့်ပြီးတဆင့် နှစ်ဖက်စလုံးသည် တဖက်နိုင်ငံကို ပြိုင်ဘက်အဖြစ် သာမက မိမိ တို့၏ အဓိကစံတန်ဖိုးများ၊ နိုင်ငံရေးတရားဝင်မှုနှင့် အရေးပါသော အမျိုးသားအကျိုးစီးပွား အတွက် အဓိကခြိမ်းခြောက်သူအဖြစ် သဘောထားသည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာများကို ကျင့်သုံး လာခဲ့ကြသည်။ ဤသို့ဖြစ်ပေါ်လာခြင်းသည် ပြင်ပဖြစ်ရပ်များ ကြောင့်သာမက ပြည်တွင်းနိုင်ငံရေး လှုံ့ဆော်မှုများ၊ ဗျူရိုကရေစီယန္တရား၏ လှုပ်ရှားမှုများနှင့် အားနည်းချက်များ၊ ဆုတ်ယုတ်မှုနှင့် အဆင့်အတန်းတို့အပေါ် နက်ရှိုင်းစွာအမြစ်တွယ်နေသော စိုးရိမ်ပူပန်မှုများကြောင့်လည်း ဖြစ် သည်။ တဖက်ကိုတဖက် ဟန့်တားနိုင်ရန် နှစ်နိုင်ငံလုံးက ပိုမိုပြင်းထန်စွာ ကြိုးပမ်းလာမှုကြောင့် ကာကွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နှင့် သံတမန်ရေးရာ နယ်ပယ်များတွင် ပွတ်တိုက်မှုများ ပိုမို မြင့်တက်စေခဲ့သည်။ ကြိုတင်ကာကွယ်သည့်သဘောဖြင့် စတင်ခဲ့ရာမှ ရေရှည်တွင် ရန်လိုမှုကို မူဝါဒ၏အခြေခံမူအဖြစ် မှတ်ယူ၍ နှစ်နိုင်ငံလုံး အပြန်အလှန် မဟာဗျူဟာမြောက် အခိုင်အမာ ရပ်တည်လာခဲ့ကြသည်။

ဩဇာအာဏာအရှိဆုံး နိုင်ငံနှစ်ခုက အပြန်အလှန်ရန်လိုမှုကို အခြေခံ၍ မဟာဗျူဟာ များ ချမှတ်ထားသည့် ကမ္ဘာကြီးတွင် လက်နက်ယှဉ်ပြိုင်မှု များပြားလာပြီး၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှု ပျက်ပြားလာပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပါင်းဆောင်ရွက် နိုင်စွမ်း လျော့ကျလာပါသည်။ လူသားအားလုံးကို ထိခိုက်စေနိုင်သည့် ရာသီဥတုပြောင်းလဲမှု၊ ကူးစက် ရောဂါပျံ့နှံ့မှုနှင့် ဘဏ္ဍာရေးမတည်ငြိမ်မှုတို့ ကဲ့သို့သော ခြိမ်းခြောက်မှုများကို သိသာစွာပင် လစ်လျူရှု ထားကြပါသည်။ ထိုသို့သော ကမ္ဘာတွင် ပဋိပက္ခများသည် ထိန်းချုပ်မရသော အခြေ အနေသို့ လွယ်ကူစွာ ရောက်ရှိသွားနိုင်သည်။ ထိရောက်သော ကာကွယ်တားဆီးမှုများ မရှိပါက လက်ရှိသွားနေသော လမ်းကြောင်းသည်  ယှဉ်ပြိုင်နေသည့် လူ့အဖွဲ့အစည်းနှစ်ရပ်လုံးနှင့် နိုင်ငံ တကာ စနစ်တစ်ခုလုံးကို ‘ထိန်းချုပ်ထားသောရန်လိုမှု’၊ ‘လျော့နည်းသွားသော သာယာဝပြောမှု’ နှင့် ‘နာတာရှည်ဖြစ်နေသည့်မလုံခြုံမှု’ စသည့်အခြေအနေများထဲတွင် ပိတ်မိသွားစေမည့် အန္တရာယ် ရှိနေပါသည်။ နောက်ဆုံးတွင် ပြိုင်ဆိုင်မှုသည် မည်သူအတွက်မှ အကျိုးမရှိသည့် ယှဉ်ပြိုင်မှုသက်သက် ဖြစ်လာပြီး ထိုအကျိုးဆက် (ဆိုးကျိုး) များကို ပေကျင်းနှင့် ဝါရှင်တန် တို့သာ မက တကမ္ဘာလုံး ခံစားကြရမည်ဖြစ်သည်။

တနည်းအားဖြင့် ပေကျင်းနှင့် ဝါရှင်တန်တို့က ၎င်းတို့၏ ပြိုင်ဆိုင်မှုကို အရှိန်မြှင့်ပြီး စုပေါင်း ဖြေရှင်းနိုင်မည့် နယ်ပယ်ကို ဆက်လက်ကျဉ်းမြောင်းနေစေမည်ဆိုပါက ကမ္ဘာကြီးသည် ယခုထက် ပိုမိုကျန်းမာရေးမကောင်း၊ မညီမျှမှုများပြားပြီး ဘေးအန္တရာယ်ကြီးမားသော နေရာတခု ဖြစ်လာ ပါလိမ့်မည်။ ထို့အပြင် တနိုင်ငံနှင့်တနိုင်ငံ မယုံကြည်မှုများနှင့် ပြည်တွင်းနိုင်ငံရေး ဖိအားများ ကြောင့် တင်းမာမှုတိုးလာခြင်းနှင့်အတူ ယနေ့ခေတ်တွင် တမင်တကာ ဖန်တီးသော ပဋိပက္ခထက် မတော်တဆဖြစ်ပွားသော ပဋိပက္ခကြောင့် အန္တရာယ်ကျရောက်နိုင်ပါသည်။

၂၀၀၁ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအနီး၌ တရုတ်တိုက်လေယာဉ်တစင်းနှင့် အမေရိကန် EP-3 ကင်းထောက်လေယာဉ်တစင်းတို့ တိုက်မိခြင်း၊ သို့မဟုတ် အမေရိကန်က မတော်တဆမှုဟု အခိုင်အမာဆိုသည့် ၁၉၉၉ ခုနှစ် မေလ တွင် ဘဲလ်ဂရိတ်ရှိ တရုတ်သံရုံးကို ဗုံးကြဲ မိခြင်း စသည့် ဖြစ်ရပ်များကို ကြည့်နိုင်ပါသည်။ အကယ်၍ ထိုသို့သော ဖြစ်ရပ်မျိုးများသည် ယနေ့ ခေတ် အခြေအနေမျိုးတွင် ဖြစ်ပွားခဲ့မည်ဆိုပါက သာမန်စစ်ပွဲတခုသာမက နျူကလီးယားစစ်ပွဲ အထိ ဖြစ်ပွားစေနိုင်ပါသည်။

သို့သော် ဤလမ်းကြောင်းကို ပြောင်းလဲ၍မရသည်တော့ မဟုတ်ပါ။ လာမည့်လများသည် နှစ်ဖက်စလုံး၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ စီးပွားရေးလိုအပ်ချက်များနှင့် မဟာဗျူဟာ နွမ်းနယ်ပင်ပန်းမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စေရန်နှင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်စေရန် အထောက်အကူပြုသည့် အခြေအနေများ ဖန်တီးပေးမည့် ရှားပါးသော အခွင့် အလမ်း တခု ဖြစ်လာနိုင်ပါသည်။ ထိုကဲ့သို့သော အခွင့်အလမ်းများသည် ထိရှလွယ်ပါသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ဝါရင့်ပညာရှင်များအနေဖြင့် ကျွန်ုပ်တို့သည် နှစ်နိုင်ငံဆက်ဆံ ရေး၏ ဆယ်စုနှစ်ခြောက်စုနီးပါးကြာ အတက်အကျများကို ဖြတ်သန်းခဲ့ကြပြီး ကျွန်ုပ်တို့ နိုင်ငံ နှစ်ခုအကြား ထိပ်တိုက်ရင်ဆိုင်မှု၏ အရိပ်အခြေကိုလည်း နားလည်ပါသည်။ သို့သော် စစ်အေး တိုက်ပွဲသစ်တခုထဲသို့ နောက်ထပ်မျိုးဆက်တခု ရောက်ရှိသွားမည့် အခြေအနေကိုလည်း မလိုလား ပါ။ အချိန်မီ တိကျပြတ်သားသောမူဝါဒ ချမှတ်နိုင်ခြင်း မရှိပါက ပြိုင်ဆိုင်မှုတို့သည် ဖြစ်မြဲအတိုင်း ဆက်ဖြစ်နေမည်ဖြစ်သည်။ ထိုထိပ်တိုက်ရင်ဆိုင်မှု၏ အကျိုးဆက်အဖြစ် တကမ္ဘာလုံး ဘေး အန္တရာယ် ကျရောက်မည် ဖြစ်သည်။ ကမ္ဘာကြီးက လိုအပ်နေသည်မှာ အမေရိကန်-တရုတ် ထိတွေ့ ဆက်ဆံမှုကို မူလပုံစံသို့ ပြန်လည်ရောက်ရှိရန်ထက် နှစ်နိုင်ငံလုံးကို အစွန်းတဖက်မှ ပြန်လည် ဆွဲတင်နိုင်မည့် ပုံမှန်ဆက်ဆံရေး အသစ်တခု ပေါ်ထွက်လာရန်သာ ဖြစ်ပါသည်။

ရန်လိုမှုများ အမြစ်တွယ်နေခြင်း

လက်ရှိအခြေအနေတွင် နှစ်ဖက်စလုံးသည် တဖက်နှင့်တဖက် အဆိုးအမြင်ဖြင့်သာ ကြည့်ရှု နေကြသည်။ ဝါရှင်တန်သည် တရုတ်နိုင်ငံကို အမေရိကန်၏ ကမ္ဘာ့ခေါင်းဆောင်မှု၊ နည်းပညာ ထိပ်တန်းရောက်မှု၊ စီးပွားရေးလွှမ်းမိုးမှုနှင့် ဒီမိုကရေစီစံနှုန်း များကို စနစ်တကျ စိန်ခေါ်နေသည့် အဓိကပြိုင်ဘက်အဖြစ် ယေဘုယျ သတ်မှတ်ထားသည်။ ပေကျင်းကမူ အမေရိကန် ပြည်ထောင်စု သည် တရုတ်နိုးထလာမှုကို ဟန့်တားရန်၊ တရုတ်ကွန်မြူနစ်ပါတီကို အားနည်းစေရန်နှင့် တရုတ်၏ အကျိုးစီးပွားများကို အရင်းနှီးပြုပြီး “အမေရိကန် ပထမ” ဟူသော အထွတ်အထိပ် အနေအထား ကို ထိန်းသိမ်းရန် ကြိုးပမ်းနေသည့် အဓိကအင်အားစုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။ ဤအမြင်များသည် အပြောတွင်သာ ရပ်မနေတော့ဘဲ စစ်ရေးစီမံချက်များ၊ မဟာမိတ်နှင့် မိတ်ဖက် အဖွဲ့အစည်းများ၊ ပို့ကုန်ထိန်းချုပ်မှုစနစ်များနှင့် ပြည်သူ့ရေးရာသံခင်းတမန်ခင်း များ၌ပါ အမြစ် တွယ်နေပြီ ဖြစ်သည်။ အမြဲလိုဖြစ်ပေါ်နေသည့် တဦးနှင့်တဦးမယုံကြည်မှုနှင့် တုံ့ပြန် သဘော ထားမှာ နှစ်နိုင်ငံလုံး၏ ခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးသော ထိပ်သီးဆွေးနွေးပွဲများ ဖြင့်ပင် ဖြေဖျောက်၍မရနိုင်သည့် အခြေအနေတခုအတွင်း ပိတ်မိသွားစေသည်။

ဤဖြစ်ရပ်မှန်၏ နက်ရှိုင်းမှုနှင့် အကျိုးဆက်များကို စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ နယ်ပယ်များတွင် တွေ့မြင်နိုင်သည်။ ဥပမာအားဖြင့် နျူကလီးယားနှင့် သမရိုးကျ လက်နက်ကိုင် တပ်ဖွဲ့များ လျင်မြန်စွာ ခေတ်မီလာသည့်နည်းတူ အာကာသ၊ ဆိုက်ဘာနည်းပညာနှင့် ဉာဏ်ရည် တု (AI) သုံး စနစ်များကဲ့သို့သော စစ်ဆင်ရေးစွမ်းဆောင်ရည်အသစ်များ တိုးချဲ့လာခြင်း တို့ကြောင့် စစ်ရေးအရ ဟန့်တားနိုင်စွမ်းမှာ ပိုရှုတ်ထွေး၍ မသေမချာ ခက်ခဲလာပါသည်။ ဤရှုပ်ထွေးမှုများက ကျွန်ုပ်တို့နိုင်ငံများကို လက်နက်အရေအတွက်နှင့် အမျိုးအစား နှစ်မျိုးလုံးကို တိုးမြှင့်ပြီး ကြိုတင် ကာကွယ်ရန် တွန်းအားပေးပါလိမ့်မည်။ အပြိုင်အဆိုင်လက်နက်တပ်ဆင်ခြင်း လျင်မြန်စွာ စတင် နေပြီဖြစ်၍ မရေရာဖြစ်မှုနှင့် ကုန်ကျစရိတ်များ ပိုတိုးလာစေသည်။ တစ်ချိန်တည်းမှာပင် အနောက်ပစိဖိတ်ဒေသတွင် နှစ်နိုင်ငံ ရေတပ်နှင့်လေတပ်တို့ ထိပ်တိုက်တွေ့ဆုံမှုများ ပိုမိုပြင်းထန် လာသည်။ တရုတ်နှင့်အမေရိကန် တပ်ဖွဲ့များကြား အနီးကပ်ထိတွေ့လုနီး အခြေအနေ ရောက်မှ ရှောင်လွှဲကြရသည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့သည်။ မှားယွင်းတွက်ချက်မှု၊ မတော်တဆမှု သို့မဟုတ် အကျပ်အတည်း မြင့်တက်လာမှုတို့ မှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အန္တရာယ် သည် သီအိုရီအရ မဟုတ်တော့ဘဲ လက်တွေ့ဖြစ်ပွားလာနိုင်သည်။ ထိုသို့သော ပဋိပက္ခမျိုးသည် နျူကလီးယားပိုင်ရှင် နှစ်နိုင်ငံ၊ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြား ပေါ်ပေါက် လာနိုင်ပါသည်။

စီးပွားရေးအရကြည့်လျှင် အမေရိကန်-တရုတ် အပြန်အလှန်မှီခိုမှုသည် တစ်ချိန်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် မရှိမဖြစ်လိုအပ်သော တည်ငြိမ်မှုပေးသည့် အင်အားစုအဖြစ် ရှုမြင်ခဲ့ကြ သည်။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက်လည်း ငြင်းမရနိုင်သော အထောက်အကူပြုမှုများ ရှိခဲ့ သည်။ ၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်စဉ်က တဦးကျ ဂျီဒီပီ မှာ ၁,၀၆၅ ဒေါ်လာဖြစ်ပြီး အမေရိကန်မှာ ၃၇,၁၃၃ ဒေါ်လာ ဖြစ်သည်။ ၂၀၂၃ ခုနှစ်အရောက်တွင် တရုတ်နိုင်ငံ၌ ၁၂,၉၅၁ ဒေါ်လာနှင့် အမေရိကန်တွင် ၈၂,၇၆၉ ဒေါ်လာ အသီးသီး ဖြစ်လာခဲ့သည်။ ထိုကာလအတွင်း တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံလုံး အင်အားတောင့်တင်းလာခဲ့ ကြသော်လည်း နိုင်ငံတွင်း အလုပ်အကိုင်၊ စီးပွားရေး အပြောင်းအလဲများကြောင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းနှင့် စက်ရုံ၊ အလုပ်ရုံများရှိရာ အနောက်အလယ်ပိုင်းတွင် အလုပ်လက်မဲ့ ပြဿနာများ ကြီးမားစွာ ပေါ်ပေါက်ခဲ့သည်။

ဤအကြောင်းရင်းများနှင့် မကြာသေးမီနှစ်များအတွင်း လုံခြုံရေးဆိုင်ရာ တင်းမာလာသော ဆက်ဆံရေးကြောင့် နှစ်နိုင်ငံလုံးသည် အပြန်အလှန်မှီခိုမှုကို အဓိကအားနည်းချက်တစ်ခုအဖြစ် ရှုမြင်လာကြပြီး စီးပွားရေးကို အမျိုးသားလုံခြုံရေးအောက်တွင် ထားရှိလာကြသည်။ ကျယ်ပြန့် သော ပို့ကုန်ထိန်းချုပ်မှုများ၊ စီးပွားရေးမူဝါဒများနှင့် ထောက်ပံ့ရေးကွင်းဆက် စသည့်တို့ကို ပြန် လည် ပြင်ဆင်ခြင်းများသည် စီးပွားရေးထိရောက်မှုနှင့် တိုးတက်မှုတို့ထက် ပိုမိုဦးစားပေးခံလာရ သည်။ “အဆက်ဖြတ်ခြင်း” (decoupling)၊ “အန္တရာယ်လျှော့ချခြင်း” (de-risking) နှင့် “မိမိကိုယ်ကို အားကိုးခြင်း” (self-reliance) စသည့် စကားလုံးများသည် တကယ့်ဖြစ်ရပ်မှန်ကို ထင်ဟပ်ပြနေသည်။ နှစ်နိုင်ငံလုံးသည် တစ်ဖက်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချရန်အတွက် စီးပွား ရေး ကုန်ကျစရိတ် ပိုတိုးလာခြင်းကို ခံယူရန် အသင့်ရှိနေကြသည်။ နှစ်နိုင်ငံဆက်ဆံရေးတွင် စီးပွား ရေး ထောက်တိုင် တိုက်စားခံရခြင်းမှာ နှစ်နိုင်ငံတည်ငြိမ်မှုကို ထိခိုက်စေရုံသာမက ကမ္ဘာ့ဈေး ကွက် အစိတ်စိတ်အမြွှာမြွှာပြိုကွဲမှုနှင့် မရေရာမှုတို့ကိုလည်း ဖြစ်ပေါ်စေသည်။ မကြာသေးမီက ဖြစ်ပေါ် ခဲ့သော မြေရှားသတ္တုကုန်သွယ်ခြင်းနှင့် စွမ်းဆောင်ရည်မြင့် ချစ်ပ်ပြားများ ရောင်းချခြင်း တို့တွင် အနှောင့်အယှက်များ ပေါ်ထွက်လာသည်မှာ မှတ်သားဖွယ် နမူနာနှစ်ခုပင် ဖြစ်သည်။

ယဉ်ကျေးမှုနှင့် သံတမန်ရေးအရ အပြန်အလှန် မယုံကြည်မှုများသည် ယခုအခါ ပြည်သူ များအား ထုတ်ဖော်ပြောဆိုမှုများ နှင့် နိုင်ငံခြားရေးမူဝါဒ၏ အသွင်သဏ္ဍာန်ကို ပုံဖော်နေသည်။ တရုတ်နိုင်ငံသို့ နှစ်စဉ်လာရောက်လည်ပတ်သော အမေရိကန်ခရီးသွား အရေအတွက်ကို ထုတ်ပြန် ခြင်း မရှိသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီကထက် အလွန်နည်းပါးသော ပမာဏ သာရှိသည်ဟု အများက လက်ခံထားကြသည်။ အမှန်တကယ်ပင် ယနေ့ ပေကျင်းလမ်းမ များပေါ် တွင် အနောက်တိုင်းသား ခရီးသွားဧည့်သည် အလွန်နည်းပါးသည်ကို တွေ့ရသည်။ အထူးသဖြင့် ပညာရေးနှင့်သိပ္ပံပညာ ပူးပေါင်းဆောင်ရွက်မှုများ ကန့်သတ်ခံလာရပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ F-1 ဗီဇာရရှိသည့် တရုတ်ကျောင်းသား အရေအတွက်သည် ၂၀၂၄ ခုနှစ် မှ ၂၀၂၅ ခုနှစ်အတွင်း ၂၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။ နှစ်နိုင်ငံလုံးရှိ ကျောင်းသားများ၊ ပါမောက္ခ များနှင့် သုတေသီများသည် စိုးရိမ်စိတ်ဖြင့် သတိထားနေကြရသည်။ အချို့သော အမေရိကန် ပြည်နယ်များသည် တရုတ်ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်ရန် ဥပဒေများ ပြဋ္ဌာန်းနေကြသည်။ တရုတ်နိုင်ငံရှိ ပညာရေးဝန်ထမ်းများကလည်း ၎င်းတို့နိုင်ငံရှိ အဆင့်နိမ့်အရာရှိများသည် အမေရိကန်များနှင့် အသိပညာဆိုင်ရာ လုပ်ငန်းသစ်များ စတင်ရန် တာဝန်ယူရမည်ကို စိုးရိမ်နေကြသည်ဟု ဆိုကြသည်။ လူချင်းထိတွေ့ဆက်ဆံမှုများ ပျက်ပြားလာ သည်နှင့်အမျှ အစိုးရနှစ်ခုလုံးသည် နှစ်နိုင်ငံဆက်ဆံရေးကို ပထဝီနိုင်ငံရေးနှင့် ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ အသုံးအနှုန်းများဖြင့် ပုံဖော်ရန် ပိုမိုဆန္ဒရှိလာကြသည်။ ထိုအခြေအနေမှာ မူဝါဒ ဆိုင် ရာ သဘောထားကွဲလွဲမှုထက် ပိုမိုကြီးမားပြီး အလျှော့အတင်းလုပ်မည့် မည်သည့် အရိပ်အယောင် ကိုမဆို ပြည်တွင်းနိုင်ငံရေး အဆိပ်အတောက်ဖြစ်စေမည့် အရာအဖြစ် ပြောင်းလဲ ရှုမြင်လိုက်ကြ ခြင်း ဖြစ်သည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...