ပထမအကျော့
ကျွန်ုပ်တို့နှစ်ဦးစလုံးသည် ဤကဲ့သို့သောအခြေအနေမျိုးကို ယခင်က မြင်တွေ့ခဲ့ဖူးပါသည်။ ကျွန်ုပ်တို့နှစ်ဦးစလုံးသည် အသက် ၈၀ အရွယ်သို့ ချဉ်းကပ်နေပြီဖြစ်ပြီး အမေရိကန်နှင့် တရုတ်တို့ အကြား ရန်လိုမှုသည် စိတ်ကူးယဉ်သက်သက်မဟုတ်ဘဲ စစ်ပွဲများ၊ ဝါဒရေးရာ မုန်းတီးမှုများနှင့် နျူကလီးယားကြောင့် ပျက်စီးပြုန်းတီးမည့် ဘေးအန္တရာယ်များအဖြစ် လက်တွေ့ခံစားခဲ့ရသည်ကို မှတ်မိနေကြပါသည်။ ဤအရွယ်ရှိ အမေရိကန်လူမျိုးများအတွက် ကိုရီးယားကျွန်းဆွယ်စစ်ပွဲတွင် တရုတ်နိုင်ငံနှင့် ၎င်း၏မဟာမိတ် မြောက်ကိုရီးယားတို့ကို စစ်မြေပြင် ရန်ဘက်များအဖြစ် အခိုင် အမာ ပုံဖော်ခဲ့သဖြင် အမျိုးသားရေး စိတ်ဒဏ်ရာတခုဖြစ်ခဲ့ရသည်။ လူအများအပြားသည် ချစ်ခင်ရ သူများနှင့် သူငယ်ချင်းများကို ဆုံးရှုံးခဲ့ကြရသည်။ ကိုရီးယားကျွန်းဆွယ်မှ တိုက်ပွဲများအတွင်း အမေရိကန်စစ်သည် ၃၀,၀၀၀ ကျော် သေဆုံးခဲ့သည်။ စစ်ပွဲကြောင့် ဆယ်စုနှစ်များစွာကြာအောင် ပညာရေး၊ မီဒီယာနှင့် လူမှုဘဝတို့တွင် သံသယကြီးထွားစေသည့် နိုင်ငံရေးယဉ်ကျေးမှုတခု အမြစ် တွယ်သွားခဲ့သည်။ နောက်ထပ်ဖြစ်ပွားခဲ့သည့် ဗီယက်နမ်စစ်ပွဲသည်လည်း တရုတ်နှင့် ဆိုဗီယက် ယူနီယံတို့၏ မဟာမိတ်ဖြစ်သူ ဗီယက်နမ်ကို အမေရိကန်က တိုက်ခိုက်ခဲ့သည့်အတွက် ၎င်းတို့ စိတ်တွင် အမြဲတမ်း စစ်ပြင်ထားရမည်ဟူသော စိတ်ကို ပိုမိုတိုးပွားစေခဲ့သည်။ အမေရိကန်လူငယ် များသည် အစုလိုက်အပြုံလိုက် သေကျေပျက်စီးမှုများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ မရေရာမှု များနှင့် ကြုံတွေ့ခဲ့ရပြီး စစ်ပွဲကြောင့် အမေရိကန်နိုင်ငံသား ၅၈,၀၀၀ ကျော် သေဆုံးခဲ့ရကာ အများစုမှာ စစ်မှုထမ်းရန် အတင်းအကျပ် ဆင့်ခေါ်ခံရသူများ ဖြစ်ကြသည်။ ထိုပဋိပက္ခ နှစ်ခုလုံး တွင် ပါဝင်ခြင်းမရှိသူများပင်လျှင် စာသင်ကျောင်းများ၌ နျူကလီးယားတိုက်ခိုက်မှု ကာကွယ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် မြို့ကြီးများ မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွား နိုင်သည်ဟူ သော လက်တွေ့ဘဝကို လက်ခံရခြင်းတို့ဖြင့် စစ်အေးတိုက်ပွဲ၏ ပြင်ဆင်မှု စည်းကမ်းအောက်တွင် နေထိုင်ခဲ့ကြရသည်။
တရုတ်နိုင်ငံ၏ ထိုခေတ်ပြိုင်မျိုးဆက်သည်လည်း ယခုထက်ပိုမိုသော ဘေးဒုက္ခများကို ခံစားခဲ့ကြရသည်။ ကိုရီးယားစစ်ပွဲကြောင့် အသစ်တည်ထောင်ထားသော တရုတ်နိုင်ငံအတွက်- တမျိုးသားလုံး ကြီးမားစွာအနစ်နာခံ ပေးဆပ်ခဲ့ရသည်။ စစ်သည်သန်းနှင့်ချီ၍ ယာလူမြစ် Yalu River ကို ဖြတ်ကျော်ကာ ကိုရီးယားကျွန်းဆွယ်သို့ စေလွှတ်ခြင်း ခံခဲ့ရသည်။ ပြည်တွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အလွန်အမင်းလိုအပ်နေသည့် ရှားပါးလှသော အရင်းအမြစ် များကို စစ်ပွဲအတွက် လွှဲပြောင်းအသုံးပြုခဲ့ကြရသည်။ တရုတ်စစ်သည်များသည် ကိုရီးယားစစ်ပွဲ တွင် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြောင်း၊ ၁၈၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် စစ်မြေပြင်များတွင် အမေရိကန်တို့ကို အနိုင်ရခဲ့ကြောင်း တရုတ်နိုင်ငံသားများကို သင်ကြားပေးထားပါသည်။ သို့သော် လည်း ယနေ့ခေတ် တရုတ်လူမျိုးများသည် စစ်ပွဲစတင်ခဲ့သည့် ၃၈ ဒီဂရီမျဉ်းပြိုင် တစ်လျှောက်တွင် မဟာဗျူဟာမြောက် သရေကျမှုဖြင့်သာ အဆုံးသတ်ခဲ့သည်ကိုလည်း သိရှိကြသည်။ ထို့ပြင် ဗီယက် နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့တွင် အမေရိကန်ကို သွယ်ဝိုက်သောနည်းဖြင့် တိုက်ခိုက်ခဲ့သည့် ကုန်ကျစရိတ်မှာလည်း အလွန်ကြီးမားလှသည်။ တရုတ်နိုင်ငံ၏ အစီရင်ခံစာများအရ ဟနွိုင်း၏ တောင်းဆိုမှုကြောင့် ပေကျင်းသည် လေကြောင်းရန်ကာကွယ်ရေး၊ အင်ဂျင်နီယာနှင့် ထောက်ပံ့ ရေးလုပ်ငန်းများအတွက် ဗီယက်နမ်သို့ တပ်ဖွဲ့ဝင်များကို လျှို့ဝှက်စွာ အကြိမ်ကြိမ် စေလွှတ်ခဲ့ရ သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အတွင်း တရုတ်တပ်ဖွဲ့ဝင် ၃၂၀,၀၀၀ ကျော်ကို ဗီယက်နမ်သို့ စေလွှတ်ခဲ့သည်။
ကျွန်ုပ်တို့၏မျိုးဆက်သည် မဟာဗျူဟာမြောက် ရန်လိုမှုများက စာသင်ခန်းများ၊ မိသားစု များနှင့် ပုဂ္ဂိုလ်ရေးရည်မှန်းချက်များအထိ မည်သို့စိမ့်ဝင်သွားသည်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်။ ပေကျင်းနှင့် ဝါရှင်တန်တို့အကြား ရေရှည်တည်ရှိနေသော ရန်လိုမှုကို စိတ်ကူးယဉ် ပထဝီနိုင်ငံရေး ကစားပွဲတစ်ခုအဖြစ် မဟုတ်ဘဲ ရန်လိုမှုများအတွက် ပေးဆပ်ခဲ့ရသော- ဆုံးရှုံးသွားရသည့် အသက် ပေါင်း များစွာ၊ ဆုံးရှုံးသွားသော အခွင့်အလမ်းများစွာဖြင့် မျှော်လင့်ချက်များထက် ကြောက်ရွံ့မှုများ အကြားမှ ကြီးပြင်းလာခဲ့ရသည့် မျိုးဆက်များအဖြစ် လူသားများ၏ ကြေကွဲစရာဖြစ်ရပ်တခုကို တွေ့ကြုံခံစားခဲ့ရပါသည်။
နက်ရှိုင်းသော ပြန်လည်စတင်မှုလား?
၁၉၇၀ ပြည့်နှစ်များ အစောပိုင်းတွင် နှစ်နိုင်ငံစလုံးမှ ခေါင်းဆောင်များသည် ဤပေးဆပ်ရမှု များမှာ အလွန်ကြီးမားနေပြီဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ၎င်းတို့၏ သက်ဆိုင်ရာ လက်ထောက်များဖြစ်ကြသော ချူအင်လိုင်းနှင့် ဟင်နရီ ကစ်ဆင်းဂျားတို့အကြား တိတ်တဆိတ် တွေ့ဆုံမှုများ ပြုလုပ်ပြီးနောက်၊ တရုတ်ခေါင်းဆောင် မော်စီတုန်းနှင့် အမေရိကန်သမ္မတ ရစ်ချက် နစ်ဆင်တို့သည် ၁၉၇၂ ခုနှစ်တွင် ဆက်ဆံရေး ပြန်လည်ပြုပြင်ရန် အထက်မှအောက်သို့ ဦးဆောင် သည့် လုပ်ငန်းစဉ်ကို စတင်ခဲ့ကြသည်။ လူ့အဖွဲ့အစည်းနှစ်ခုလုံးသည် အချင်းချင်း ကျယ်ကျယ် ပြန့်ပြန့် ထိတွေ့ဆက်ဆံနိုင်ခြင်း မရှိသေးသည့်အတွက် အထင်မှားမှုများကို ပြုပြင်ရန်နှင့် ငြိမ်းချမ်း ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်မှာ ထိုခေါင်းဆောင်များအပေါ် တာဝန်ကျရောက် ခဲ့ပါသည်။
ယနေ့တွင် ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် အလားတူ အခိုက် အတန့်မျိုးကို ကြိုဆိုလက်ခံရမည့် အရိပ်အယောင်များ ရှိနေပါသည်။ အစပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ရှီနှင့် ထရမ့်တို့သည် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် တွေ့ဆုံခဲ့ ကြသည်။ ခေါင်းဆောင်နှစ်ဦးစလုံးသည် အမေရိကန်-တရုတ် ဆက်ဆံရေးတွင် ပူးပေါင်းဆောင် ရွက်ရန်နှင့် တင်းမာမှုများ လျှော့ချရန်၊ အထူးသဖြင့် ကုန်သွယ်ရေးကဏ္ဍအား (အချို့ သတိပြု ဖွယ် စဉ်းစားရမည့်ချက်များ ရှိသော်လည်း) အလေးပေး ပြောကြားခဲ့ကြသည်။ တရုတ်နှင့် အမေရိကန် တို့သည် “မိတ်ဖက်များ၊ သူငယ်ချင်းများ” ဖြစ်သင့်ကြောင်း ရှီက ပြောကြားခဲ့ပြီး၊ နှစ်ဖက်လုံး အနေဖြင့် ရေရှည်ဘုံအကျိုးစီးပွားကို အာရုံစိုက်ရန်နှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွင် ပွတ်တိုက်မှုများဖြစ်စေမည့်အစား ဆက်ဆံရေး ပိုမိုခိုင်မြဲစေမည့် အခြေခံ အုတ်မြစ်အဖြစ် ထားရှိရန် တိုက်တွန်းခဲ့သည်။ သတင်းအစီရင်ခံစာများအရ တရုတ်နိုင်ငံသည် အမေရိကန် ပဲတီစိမ်းများ (soybeans) ပြန်လည်ဝယ်ယူရန်၊ ရှားပါးသတ္တု ပို့ကုန်ထိန်းချုပ်မှုများကို ရပ်ဆိုင်းရန်နှင့် တရားမဝင် ဖန်တနိုင်း (fentanyl)-(morphine ထက် အဆ 50–100 ခန့် ပိုပြင်း၊ မူယစ်ဆေးအဖြစ်သုံး) မှောင်ခိုကူးမှုနှိမ်နင်းရေးအား ဝါရှင်တန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘော တူခဲ့သည်။
တုံ့ပြန်မှုအနေဖြင့် ထရမ့်သည် အမေရိကန်-တရုတ် ဆက်ဆံရေး လေသံကို ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။ ထရမ့် က ရှီကို “အလွန်အင်အားကြီးမားတဲ့ နိုင်ငံတစ်ခုရဲ့ ကြီးမြတ်တဲ့ ခေါင်း ဆောင် တစ်ဦး” ဟု ခေါ်ဆိုခဲ့ပြီး၊ အနည်းဆုံး စကားပြောဆိုမှုအပိုင်းတွင် ထိပ်တိုက်တွေ့ဆုံခြင်း ထက် သံတမန်ရေးနှင့် ကုန်သွယ်ရေးကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုဆီသို့ ရှင်းလင်းစွာ ပြောင်းလဲခဲ့သည်။ ပိုမိုကျယ်ပြန့်သော သဘောတူညီချက်တခုရရှိရန် တွေ့ဆုံမှုသည် လမ်းဆုံး မဟုတ်ဘဲ ပိုမိုဘက်စုံလွှမ်းခြုံသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆီသို့ ဦးတည်မည့် ခြေလှမ်း သစ်တစ်ခုဖြစ်ကြောင်း သူ၏အကောင်းမြင်မှုက ညွှန်းဆိုနေသည်။ သူသည် ထိုထိပ်သီး အစည်း အဝေးကို “G-2” အစုအဖွဲ့၏ ဆုံစည်းမှုအဖြစ်လည်း ရည်ညွှန်းခဲ့ရာ ပေကျင်းအတွက် ပိုမိုမြင့်မား သော လေးစားမှုအဆင့်သစ်တခုကို ပြသရာရောက်ခဲ့သည်။
ဤအချက်ကို ပေါ့ပေါ့တန်တန် မယူဆသင့်ပါ။ တရုတ်ခေါင်းဆောင်များသည် အမေရိကန် က ၎င်းတို့အပေါ် လေးစားမှုမရှိဘဲ အထီးကျန်ဖြစ်စေရန် ကြိုးပမ်းနေသည်ဟု ခံစားရချိန်၊ သို့မဟုတ် ဝါရှင်တန်ထက် မိမိတို့က ပိုနိမ့်ကျနေသည်ဟု ယူဆရချိန်များတွင် အလွန်ပင်စိတ်မရှည် ဖြစ်တတ်ကြသည်။ အိုဘားမားလက်ထက်တွင် ဝါရှင်တန်သည် ပေကျင်း၏ “အင်အားကြီးနိုင်ငံများ ဆက်ဆံရေး ပုံစံသစ်” ဆိုသည့် တောင်းဆိုမှုကို ပြတ်ပြတ်သားသားပယ်ချခဲ့ပြီး တရုတ်နိုင်ငံကို G-2 အဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် အကြံပြုချက်များကိုလည်း လျစ်လျူရှုခဲ့သည်။ သို့သော် ယခုအခါ တရုတ်၏ အင်အားနှင့်အဆင့်အတန်း တိုးတက်လာမှု၊ ဝါရှင်တန်၏ ပြည်တွင်းနှင့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အမှားအယွင်းများကြောင့် ပေကျင်းသည် မိမိကိုယ်ကို ပိုမိုယုံကြည်မှု ရှိလာနေပြီး ထရမ့်၏ မှတ်ချက်များက ထိုယုံကြည်မှုကို ပိုမိုခိုင်မာစေခဲ့သည်။
ရှင်းရှင်းလင်းလင်း ပြောရလျှင် ပေကျင်းနှင့် ဝါရှင်တန်တို့သည် အနီးနားရှိ အိမ်နီးချင်း နိုင်ငံ များနှင့် အလတ်စားအင်အားကြီးနိုင်ငံများကို စိုးရိမ်ထိတ်လန့်စေမည့် နှစ်နိုင်ငံကြီးစိုးမှု (Dual Hegemony) မျိုးကို မလုပ်ဆောင်သင့်ပါ။ သို့သော် ၎င်းတို့သည် နိုင်ငံတကာစနစ်နှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဖွဲ့စည်းပုံများတွင် တဖက်နှင့်တဖက် နေရာပေးသင့်ပါသည်။ ထိုသို့လုပ်ဆောင် ခြင်းက အခြားနိုင်ငံများကို အင်အားကြီးနိုင်ငံများ၏ ထိန်းမနိုင်သိမ်းမရ ပြိုင်ဆိုင်မှုကြားတွင် ‘သားကောင်’ ဖြစ်မသွားနိုင်ကြောင်း စိတ်အေးစေပါသည်။ ရှေ့ဆက်သွားရာတွင် ပေကျင်းနှင့် ဝါရှင်တန် နှစ်ဖက်စလုံးသည် ၎င်းတို့၏ ဆက်ဆံရေးကို ကမ္ဘာကြီးတွင် ဗဟိုချက်များစွာရှိနေပြီး (Multipolarity) မဟာမိတ်အဖွဲ့အစည်းများစွာ ရှိနေသည့် (Multialignment) ဖြစ်ရပ်မှန်ပေါ်တွင် အခြေခံသင့်ပါသည်။
တောင်ကိုရီးယားနှင့် တွေ့ဆုံမှုသည် ကုန်သွယ်ရေးကိုသာ အဓိကထားပြီး နည်းပညာ ပြိုင်ဆိုင်မှု၊ ထောက်ပံ့ရေးကွင်းဆက် အဆက်ဖြတ်မှုနှင့် လုံခြုံရေးတင်းမာမှုများ ကဲ့သို့သော ကြီးမားသည့် မဟာဗျူဟာမြောက် ပြဿနာများကို ရှောင်လွှဲခဲ့သည့်အတွက် နက်ရှိုင်းသော ပြန် လည် စတင်မှု (Deep Reset) အဆင့်အထိ မရောက်ရှိခဲ့ပါ။ သို့သော် ထိုတွေ့ဆုံမှုနောက်ပိုင်း ထရမ့် သည် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံလိုသည့် ခြေလှမ်းကို စတင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လတွင် သူက အမေရိကန် ချစ်ပ်ထုတ်လုပ်သည့် Nvidia ကုမ္ပဏီကို ၎င်း၏ ဒုတိယမြောက် အင်အားအကောင်းဆုံး ဆီမီးကွန်ဒတ်တာ ချစ်ပ်များကို တရုတ်သို့ ရောင်းချခွင့်ပြုမည်ဟု ကြေညာ ခဲ့သည်။ ယင်းသည် တရုတ်၏ အဆင့်မြင့်နည်းပညာ ရရှိမှုကို ပိတ်ဆို့ရန် ရည်ရွယ်သည့် မူဝါဒများမှ အတိုင်းအတာတစ်ခုအထိ ပြန်လည်လျှော့ချလိုက်ခြင်း ဖြစ်သည်။ ထရမ့်၏ အဆိုအရ “သမ္မတ ရှီက အပြုသဘောဆောင် တုံ့ပြန်ခဲ့သည်” ဟု ဆိုသည်။
အပြိုင်အဆိုင် ပြန်လည်ဆုတ်ခွာခြင်း
နှစ်နိုင်ငံလုံးမှ လူမှုအသိုင်းအဝန်များသည် အစွန်းတစ်ဖက်မှ ပြန်လည်ဆုတ်ခွာခြင်းကို ကြိုဆိုကြမည့် အရိပ်အယောင် ရှိပါသည်။ နှစ်နိုင်ငံလုံးရှိ လူထုသဘောထား စစ်တမ်းများအရ လက်ရှိထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းသည် ကုန်ကျစရိတ် အလွန်ကြီးမားနေပြီဟု လူအများက ပိုမိုမြင်လာကြသည်။ အစိုးရနှစ်ရပ်လုံးအနေဖြင့် မညီမျှမှုများမှစ၍ အခြားသော ပြည်တွင်း အခက် အခဲများကို ကုစားရန် ပိုမိုအာရုံစိုက်သင့်ပြီး ပြင်ပစွန့်စားမှုများကို လျှော့ချ သို့မဟုတ် ရှောင်ရှားသင့် သည်ဟူသော အမြင်တွင် လူထုဆန္ဒများ တူညီလာကြသည်။ ဥပမာအားဖြင့် ချီကာဂို ကောင်စီ (Chicago Council on Global Affairs) ၏ မကြာသေးမီက စစ်တမ်းတစ်ခုအရ အမေရိကန် နိုင်ငံသား အများစုဖြစ်သော ၅၃ ရာခိုင်နှုန်းက အမေရိကန်သည် “တရုတ်နှင့် ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သင့်သည်” ဟု ဖြေကြားခဲ့ကြသည်။ ၂၀၂၄ ခုနှစ်က ၄၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ တိုးတက်လာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆင်ဟွာ တက္ကသိုလ်၏ နိုင်ငံတကာလုံခြုံရေးနှင့် မဟာဗျူဟာဌာနက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် စစ်တမ်းအရ တရုတ်နိုင်ငံသားများသည်လည်း အမေရိကန်အပေါ် သဘောထား ပျော့ပျောင်းလာကြောင်း ပြသနေသည်။ အမေရိကန်အပေါ် နှစ်သက်မှုကို အမှတ် ၁ မှ ၅ အထိ ပေးခိုင်းရာတွင် ဖြေဆိုသူများသည် ပျမ်းမျှအမှတ် ၂.၃၈ ပေးခဲ့ကြပြီး ယင်းမှာ ၂၀၂၄ ခုနှစ် ပျမ်းမျှ အမှတ် ၁.၈၅ ထက် မြင့်တက်လာခြင်းဖြစ်သည်။ (နှိုင်းယှဉ်ချက်အရ ၂၀၂၅ ခုနှစ်တွင် အိန္ဒိယအပေါ် နှစ်သက်မှုမှာ ၂.၀၆ ရှိပြီး ရုရှားအပေါ် နှစ်သက်မှုမှာ ၂၀၂၄ ခုနှစ်က ၃.၆၆ ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၃.၄၈ သို့ ကျဆင်းသွားခဲ့သည်။)
ပေကျင်းနှင့် ဝါရှင်တန်တို့သည် လက်ရှိနှင့် မကြာမီလာတော့မည့် အနာဂတ်အတွက် တူညီ သော စီးပွားရေးလိုအပ်ချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ခိုင်မာပြီး တည်ငြိမ်သော လူလတ်တန်းစား အလွှာကို တည်ဆောက်ရန် သို့မဟုတ် ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။ နှစ်နိုင်ငံအကြား ရေရှည်ပဋိပက္ခသည် နှစ်နိုင်ငံစီးပွားရေးနှင့် ထိုကြိုးပမ်းမှုကို သိသိသာသာ ထိခိုက်စေပါလိမ့်မည်။ တရုတ်နိုင်ငံတွင် ဤလှုပ်ရှားမှုကို ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့သော ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ထင်ရှားစွာ တွေ့မြင်ခဲ့ ရသည်။ ထိုအစည်းအဝေးတွင် စီးပွားရေးကို ပြန်လည်အားဖြည့်ရန် လိုအပ်ကြောင်း၊ စီးပွားရေးကို ပိုမိုခံနိုင်ရည်ရှိပြီး တင်းကျပ်မှုနည်းသော၊ နိုင်ငံခြားရေးရာမူဝါဒ အနှောင့်အယှက်ကင်းဝေးသော စီးပွားရေးမူဝါဒများဖြင့် ဆောင်ရွက်ရမည်ဟူသော အယူအဆများ လွှမ်းမိုးထားသည်။ တရုတ်နိုင်ငံ အနေဖြင့် “ပိုမိုပွင့်လင်းမှုမှတစ်ဆင့် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် ရမည်ဖြစ်ပြီး၊ ကျန်ကမ္ဘာ့နိုင်ငံများနှင့်အတူ အခွင့်အလမ်းများကို မျှဝေခံစားကာ ဘုံဖွံ့ဖြိုးတိုးတက် မှုကို ရှာဖွေရမည်” ဟု အဖွဲ့ဝင်များက ကြေညာခဲ့ကြသည်။ ဤသဘောထားသည် တရုတ် ခေါင်း ဆောင်ဟောင်း တိန့်ရှောင်ဖိန်၏ ပြုပြင်ပြောင်းလဲရေး အတွေးအခေါ်များကို ပြန်လည်အမှတ်ရ စေသည်။
တရုတ်နိုင်ငံအနေဖြင့် ပြည်ပမှအရင်းအမြစ်များကို ပိုမိုရယူနိုင်ရန်နှင့် မိမိ၏ ပြည်တွင်း အင်အား တည်ဆောက်ရေးကို အာရုံစိုက်နိုင်ရန် ပြင်ပကမ္ဘာနှင့် ငြိမ်းချမ်းအောင် လုပ်ဆောင် သင့်သည်ဟု တိန့်ရှောင်ဖိန်က ဆိုခဲ့သည်။ တိန့်၏ ပြုပြင်ပြောင်းလဲမှုများသည် ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းမှ စတင်ကာ တရုတ်နိုင်ငံတွင် ဆယ်စုနှစ်လေးခုကြာ အံ့မခန်းတိုးတက်မှုကို ဖြစ်ပေါ်စေ ခဲ့သည်။ ရှီကျင့်ဖျင်အနေဖြင့် နိုင်ငံပိုင်မဟုတ်သော စီးပွားရေးအဖွဲ့အစည်းများကို မည်မျှအထိ အမှန်တကယ် ဦးစားပေးမည်နည်း၊ ပြည်တွင်း၌ ပိုမိုဆန်းသစ်တီထွင်နိုင်မည့် အခြေအနေများကို မည်မျှဖန်တီးပေးမည်နည်း ဆိုသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မူဝါဒအတွက် ဖြစ်ပေါ်လာမည့် စမ်းသပ်ချက်တစ်ခု ဖြစ်လာပါလိမ့်မည်။
ထရမ့်အစိုးရ၏ “အမေရိကန် ပထမ” (America first) ဆောင်ပုဒ်နှင့် ဒီမိုကရက်များ၏ လူနေမှုစရိတ် သက်သာချောင်ချိရေးကို ဦးစားပေးသည့် သတင်းစကားများသည်လည်း ပြည်တွင်း ရေးကို အာရုံစိုက်နေသော နိုင်ငံတစ်နိုင်ငံ၏ အခြေအနေကို ထင်ဟပ်နေသည်။ အစိုးရ၏ ၂၀၂၅ ခုနှစ် အမျိုးသားလုံခြုံရေးမဟာဗျူဟာ (NSS) တွင် ကြေညာခဲ့သလိုပင် “အမေရိကန် ပြည်ထောင် စုက ကမ္ဘာ့အစီအစဉ်တစ်ခုလုံးကို အက်တလက်စ် (Atlas) နတ်မင်းလို ပခုံးထမ်းပြီး ထောက်ပံ့ပေး နေတဲ့ခေတ် ကုန်ဆုံးသွားပါပြီ” ဟု ဆိုသည်။ ထိုစကားကို ဇန်နဝါရီလ အတွင်းက ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို ကို ဖမ်းဆီးခဲ့ခြင်းက သက်သေပြနေသကဲ့သို့ အမေရိကန်သည် တကိုယ် တော် ဝါဒ (Isolationism) ကို ကျင့်သုံးမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ မိမိ၏ အရင်းအမြစ်များနှင့် တာဝန်ယူမှုများအကြား ပိုမိုမျှတအောင် ညှိနှိုင်းနေခြင်းသာဖြစ်သည်။ ထို့ပြင် လူနေမှုစရိတ်၊ မူးယစ်ဆေးဝါး၊ အလုပ်လက်မဲ့ပြဿနာ၊ ငွေဖောင်းပွမှု အပါအဝင် ပြည်တွင်း အခက်အခဲများနှင့် အနီးနားရှိ ဒေသတွင်းဆက်ဆံရေးများကို ပိုမိုအာရုံစိုက်လာခြင်း ဖြစ်သည်။ တရုတ်နှင့် ထိပ်တိုက် ရင်ဆိုင်မှုသည် ဤတွက်ချက်မှုထဲတွင် ပါဝင်နေပုံမရပါ။ ထရမ့်၏ ၂၀၁၇ ခုနှစ် NSS သည် ပေကျင်းနှင့် အင်အားကြီးနိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှုအပေါ် အတိအလင်း အခြေခံထားသော် လည်း၊ ဒုတိယအကြိမ် ထရမ့်အစိုးရ၏ NSS တွင်မူ တရုတ်နိုင်ငံအကြောင်း အနည်းအကျဉ်းသာ ရည်ညွှန်းတော့သည်။ “နေသာသောနေ့ တစ်ရက်တည်းဖြင့် ဆောင်းရာသီ၏ အေးခဲမှုကို အဆုံးသတ်နိုင်မည် မဟုတ်သော်လည်း” ၎င်းသည် အစပြုမှုတစ်ခု ဖြစ်ပါသည်။
အရေးပါသော အချက်မှ စတင်ခြင်း
နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်အောင် စတင်လုပ်ဆောင်ရန် အကောင်းဆုံးနေရာမှာ (ယုတ္တိမတန်ဟု ထင်ရသော်လည်း) အန္တရာယ်အရှိဆုံး အခြေအနေဖြစ်သည့် ကြာရှည်စွာ အပူ တပြင်း ဖြစ်နေသော ထိုင်ဝမ်အရေးပင် ဖြစ်သည်။ ထိုင်ဝမ်ရေလက်ကြားတွင် မတည်ငြိမ်မှုများ မြင့်တက်လာခြင်းကြောင့် ဤကိစ္စကို လျင်မြန်စွာကိုင်တွယ်ဖြေရှင်းရန် အရေးကြီးလာပြီး တင်းမာ မှုများကို လျှော့ချရန်မှာ လူအများယုံကြည်ထားသည်ထက်ပင် ပိုမိုလွယ်ကူနိုင်ပါသည်။
တရုတ်နိုင်ငံ၏ ၂၀၀၅ ခုနှစ် ခွဲထွက်မှုဆန့်ကျင်ရေးဥပဒေ (Anti-Secession Law) တွင် ထိုင်ဝမ်ပြဿနာကို ဖြေရှင်းရန် ပေကျင်းအနေဖြင့် “ငြိမ်းချမ်းသောနည်းလမ်းမဟုတ်သည့် နည်းလမ်းများ” ကို အသုံးပြုနိုင်သည့် အခြေအနေများကို သတ်မှတ်ထားသည်။ ၎င်းတို့မှာ ထိုင်ဝမ်က လွတ်လပ်ရေးကြေညာလျှင်၊ ထိုင်ဝမ်ကို တရုတ်မှ ခွဲထွက်စေမည့် ကြီးမားသော ဖြစ်ရပ် များ ဖြစ်ပေါ်လျှင် သို့မဟုတ် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် ဖြစ်နိုင်ခြေအားလုံး လုံးဝကုန်ဆုံးသွားလျှင် ဖြစ်သည်။ တရုတ်အစိုးရ၏ ကိုယ်ပိုင်ဥပဒေရေးရာနှင့် နိုင်ငံရေးစံနှုန်းများ အရ လက်ရှိ ရေလက်ကြားအခြေအနေမှာ ထိုသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိသေးပါ။ ထို့ပြင် ဆိုရှယ်မီဒီယာပေါ်တွင် မကြာခဏ ထင်ေးကြေးပေးမှုများနှင့် စိတ်ခံစားမှုပြင်းထန်သော ဝေဖန်ချက်များ ရှိနေသော်လည်း၊ ပေကျင်းသည် ထိုင်ဝမ်ကို စစ်ရေးအရ သိမ်းပိုက်ရန်မှာ နီးကပ် နေပြီ သို့မဟုတ် မလွဲမသွေဖြစ်လာတော့မည်ဟု တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ ၎င်းအစား တရုတ်အစိုးရသည် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ပိုမိုနှစ်သက်ကြောင်း ဆက်လက်အတည်ပြုနေပြီး၊ ကျွန်းကို ဝန်းရံကာ စစ်ရေးလေ့ကျင့်မှုများကဲ့သို့သော ဘက်စုံ ဟန့်တားမှုများကို တိုးမြှင့်နေခြင်းမှာ ခွဲထွက်ခြင်းကို တားဆီးရန်အတွက်သာ ဖြစ်ကြောင်း အခိုင် အမာ ပြောဆိုနေပါသည်။
တစ်နည်းအားဖြင့် စစ်ရေးအရ တင်းမာမှုများ ရှိနေသော်လည်း ထိုင်ဝမ်ရေလက်ကြားရှိ နိုင်ငံရေးအရ ရန်လိုမှုများကို လျှော့ချရန် ဖြစ်နိုင်ပါသေးသည်။ ယခုအချိန်သည် နိုင်ငံနှစ်ခုအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန် သင့်တော်သော အခိုက်အတန့် ဖြစ်သည်။ မိမိ၏ ငြိမ်းချမ်းသော ရည်ရွယ်ချက်များကို ထပ်လောင်းပြောကြားရန်မှာ ပေကျင်း၏ အကျိုးစီးပွား ဖြစ်ပြီး၊ “ထိုင်ဝမ်လွတ်လပ်ရေးကို အားမပေးပါ” ဟူသော ယခင်ရပ်တည်ချက်ကို ပြန်လည်အတည် ပြုရန်မှာ ဝါရှင်တန်၏ အကျိုးစီးပွား ဖြစ်သည်။
ထိုသို့သော ပြောကြားချက်များကို နှုတ်ပြောသက်သက်ဟု ပယ်ချနိုင်သော်လည်း ထိုစကား များတွင် အနှစ်သာရ ရှိပါသည်။ စကားလုံးများနှင့် အပြုအမူများသည် အရေးကြီးပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအစောပိုင်းတွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က အချို့သောအခြေအနေများတွင် ဂျပန်သည် ထိုင်ဝမ်ပဋိပက္ခ၌ ပါဝင်လာနိုင်ကြောင်း ပြောကြား ခဲ့ခြင်းမှ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ တရုတ် လူမျိုးအများစု၏ စိတ်ထဲတွင် ထိုမှတ်ချက်သည် ဂျပန်နှင့် ထိုင်ဝမ်ကို ပိုမိုနီးကပ်စေသည်ဟု မြင်ကြသည်။ ထိုအချိန်မှ စ၍ တရုတ်-ဂျပန် ဆက်ဆံရေးမှာ သိသိသာသာ ဆိုးရွားသွားခဲ့ပြီး တရုတ်က ဂျပန်အပေါ် စီးပွား ရေးနှင့် သံတမန်ရေး ဖိအားများပေးခဲ့သည်။ အကယ်၍ ဝါရှင်တန်အနေဖြင့် ထိုင်ဝမ်၏ တဖက်သတ် လွတ်လပ်ရေးကြေညာမှုကို လက်မခံကြောင်း ထပ်လောင်းပြောကြားမည်ဆိုပါက ထိုပြောကြားချက်သည် ပေကျင်းကို စိတ်အေးစေရုံသာမက၊ ဝါရှင်တန်အနေဖြင့် ဒေသတွင်း တင်းမာမှုများကို လျှော့ချလိုကြောင်း တိုကျိုကို ပြသရာလည်း ရောက်ပါလိမ့်မည်။

