၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့တွင် မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာ ရပ်တစ်ခုကို အခမဲ့ သင်ကြားပေးနိုင်ရန် နှင့် အလုပ်အကိုင်အခွင့်များ ရရှိနိုင်ရေး ရည်ရွယ်လျက် New Myanmar Foundation နှင့် Ecoprint 4uအဖွဲ့တို့ ပူးပေါင်း၍ Eco Printing သင်တန်း အပါတ်စဉ် (၁) ကို ဩဂုတ်လ (၁၁) ရက်မှ (၁၃) အထိ (၃) ကြာ ရက်တိုသင်တန်းတစ်ခုကို သင်ကြားပို့ချပေးခဲ့ပြီး အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာပထမ New Myanmar Foundation ၏ Executive Director Dr. San Aung မှ သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက် မှာ အမျိုးသမီးများစွမ်းဆောင်ရည် မြှင့်တင်ခြင်း နှင့်အတူ မြန်မာပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ကို သင်ယူနိုင်ရေး၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့စွမ်းဆောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိပါကလည်း အခြားအခက်အခဲရှိနေသူများကို ပြန်လည်ကူညီပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဆရာသန်းမြင့်အောင်မှ သင်တန်းသား/သူများအား ယခုကဲ့သို့ကြိုးစားရုန်းကန်နေသူများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ သင်တန်းတက်ရောက်လာသော ဆရာ/မများနှင့် သင်တန်းဖြစ်မြောက် ရေးအတွက် ဝိုင်ဝန်းကူညီပေးပါသော ဆရာ ကို Jone (သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန (NUG) နှင့် သင်တန်းလာရောက်ပို့ချပေးသော Ecoprint 4u မှ CDM ဆရာ/မများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် သင်တန်းသို့တက်ရောက်လာသော သင်တန်းသား/သူများအနေဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆရာ ကို Jone မှ Eco Printing လုပ်ငန်းနှင်ပတ်သက်ပြီး တန်ဖိုးထားလုပ်ဆောင်တတ်စေရန် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
သင်တန်းဆရာမ ဒေါ်သက်ထားမှ သင်တန်းကာလပြီးဆုံးသွားသော်လည်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် Eco-Printing လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည့်ချိတ်ဆက်မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ ထိုမျှမက တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လိုသော သင်တန်းသား၊ သင်တန်းသူများရှိပါကလည်း မည်သူကိုမဆို ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်းတို့ကို ထပ်လောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများ ဖန်တီးပြုလုပ်ခဲ့သော ပုဝါ စသည့် အထည်များကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြပြီးနောက် သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။






