၂၀၂၃ ခုနစ် နှစ်သစ်အခါသမယမှစ၍ မြန်မာပြည်တွင်း၊ မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများအားလုံး ကောင်းသောလိုအင်ဆန္ဒများပြည့်စုံပါစေကြောင်း၊ ငြိမ်းချမ်းသော၊ ပျော်ရွှင်ရသောနှစ်သစ်တစ်နှစ် ဖြစ်လာပါစေ ကြောင်း ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
၂၀၂၃ ခုနစ်တွင် ဖွင့်လှစ်ပေးလျက်ရှိသော နယူးမြန်မာဖောင်ဒေးရှင်း၏ အင်္ဂလိပ်ဘာသာစကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။
မြန်မာပြည်တွင်း၊ မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ အင်္ဂလိပ်စကားပြောအရည်အသွေးများ တိုးတက်လာစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းအင်္ဂလိပ်စကားပြော သင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သင်တန်းအပတ်စဥ် (၃) သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၂၈)ရက်မှ ဇွန်လ (၃၀) ရက်နေ့အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၂) ကို ဇူလိုင်လ (၁၈) ရက်နေ့မှ အောက်တိုဘာ (၁၇) ရက်၊ ၂၀၂၂ အထိလည်းကောင်း အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။
ထို့နောက် သင်တန်းအပတ်စဥ် (၃) ကို နိုဝင်ဘာလ (၇) ရက်၊ ၂၀၂၂ ရက်နေ့မှ စတင်ကာ စေတနာ့ဝန်ထမ်း ဆရာ (၄)ဦး နှင့် ဆရာမ (၂)ဦး၊ စုစုပေါင်း ဆရာ/ဆရာမ (၆) ဦးတို့ဖြင့် Beginner Level, Elementary Level နှင့် Pre-Intermediate Level အလိုက် သင်တန်းသား/သူများကို သင်ကြားပေးလျက်ရှိနေပါသည်။
အင်္ဂလိပ်ဘာသာစကားသင်တန်းများ စဥ်ဆက်မပြတ် တိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းနှင့် သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့်ပတ်သတ်၍ သင်တန်းသား/သူများ၏ သဘောထားအမြင်များ၊ ဝေဖန်အကြံပြုချက်များကို Evaluation Form များမှတဆင့် တောင်းခံရယူလျက်ရှိပြီး ရရှိလာသောအချက်အလက်များကိုလည်း အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်သည်။
အင်္ဂလိပ်ဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် – +669 27 833 262 သို့ တိုက်ရိုက် ဖုန်းနှင့်ဆက်သွယ်၍ဖြစ်စေ၊ Signal, Telegram များမှတဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး email: [email protected] သို့လည်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

