၁။ ယနေ့သည် ကရင်လူမျိုးတိုင်းရင်းသားများ၏ အလေးအမြတ် တန်ဖိုးထားရသည့် နှစ်သစ်ကူး နေ့ထူးနေ့မြတ် ဖြစ်သည့်အတွက် ကရင်လူမျိုးတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးအနေဖြင့် စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံကြ၍ ဆန်ရေစပါး ပေါကြွယ်၀ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ငြိမ်းချမ်းပျော်ရွှင်ခြင်းတို့ ရရှိပါစေကြောင်း ဦးစွာပဏာမ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ ကရင်လူမျိုးတို့သည် ရှေးအခါမှစ၍ အချိန်အကန့်အသတ်ကို ကြည့်ပြီး၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်ဟု သတ်မှတ်ကာ အမည်နာမပေးကြသည်၊ မိမိတို့၏ ပထမလကို စကောကရင်ဘာသာဖြင့် “သလေ”၊ ပိုးကရင်ဘာသာဖြင့် “ထိုက်ခေါက်ဖိုး” ဟုခေါ်ကြသည်။ ထိုသို့ တစ်နှစ်ဆန်းလျှင် မိမိတို့ ဓလေ့ထုံးစံအရ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ လူကြီးသူမများအား ကန်တော့ခြင်း များကို ပြုလုပ်ကြသည် ဟုလည်းကောင်း၊ ကရင်နှစ်သစ်ကူး ကျင်းပခြင်းသည် ကောက်သစ်စားပွဲကျင်းပခြင်းကို နှီးနွယ်ဆက်စပ် ပတ်သက်ပြီး ကောက်နှံများစုပုံကာ အထွက်အနှံ ကောင်းစေရန် စောင့်ရှောက်တော်မူသော ဖိဖုယော် ခေါ် ပုန်းမကြည် အရှင်မကို ချီးမွမ်း ပြောဆိုကာ သီဆို ကခုန်ကြသည်ဟုလည်းကောင်း မှတ်သားသိရှိခဲ့ရပါသည်။ ကရင်နှစ်သစ်ကူးနေ့ ဆိုသော သမိုင်း၀င်နေ့တစ်နေ့ရရှိစေရန် သလေလဆန်း (၁) ရက်နေ့ကို အောက်လွှတ်တော်တွင် စောဂျွန်ဆင်ဒီဖိုးမင်းနှင့် အခြားသောကရင်အမျိုးသား အောက်လွှတ်တော် အမတ်များမှ လက်မှတ်ထိုး တင်သွင်း အဆိုပြု တောင်းဆိုခဲ့ခြင်းကြောင့် “ကရင်အမျိုးသားများနှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေ ၁၉၇၃” ကို ပြဌာန်းနိုင်ခဲ့သည့် ကြိုးပမ်းမှု သမိုင်းကြောင်းအားလည်း လေ့လာမှတ်သားရပါသည်။ ကရင်လူမျိုးများ၏ အမျိုးသားရေး ကြိုးပမ်းဆောင်ရွက်ချက် သမိုင်းကြောင်းများမှာလည်း ကျယ်ပြောမှတ်သားစရာ၊ လေးစားဂုဏ်ယူစရာ အလွန်ကောင်းကြောင်း ကိုလည်း သိရှိ နားလည်ခဲ့ရပါသည်။
၃။ ယခုတော်လှန်ရေးကာလတွင် ကရင်အမျိုးသားခေါင်းဆောင်ကြီးများအပါအ၀င် ကရင်အမျိုးသား ညီအစ်ကိုမောင်နှမများမှ ကျွန်တော်တို့ နှင့်အတူ မတရားမှုကို ဆန့်ကျင်ကာ ဒီမိုကရေစီအရေး တိုက်ပွဲ၀င်ရာတွင် ရှေ့ဆုံးမှ ပါ၀င်ခဲ့ကြခြင်းအပေါ်တွင်လည်း အလွန်တရာမှ လေးစားကျေးဇူးတင်ရှိပါသည်။ မတရား အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကရင်ပြည်နယ်အတွင်း အမျိုးမျိုးသော နည်းလမ်းများဖြင့် တိုက်ခိုက်စစ်ဆင်နေသည့်အတွက် ကရင်ပြည်နယ်နေရာအနှံ့အပြားတွင် စစ်ဘေးဒဏ်များ ကျရောက်ခဲ့ကာ ထိခိုက်ဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ခံစားရခြင်းအားလည်း ထပ်တူခံစားရပါသည်။
၄။ ဆက်လက်၍ ကရင်လူမျိုး ညီအကိုမောင်နှမများအနေဖြင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖော်ဆောင်ရာတွင်လည်း အတူတကွ ရင်းနှီးနွေးထွေးစွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားနိုင်ကြ ပါစေကြောင်းနှင့် ကရင်လူမျိုးများ ယခုထက် ကြီးပွားတိုးတက်ကာ ဘေးအပေါင်း ရန်စွယ်အပေါင်း လည်း ကင်းရှင်းကြပါစေကြောင်း ယနေ့ ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ထပ်လောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။