တန်ဆောင်မုန်းလပြည့်နေ့ မိဘပြည်သူ မိတ်ဆွေ၊ဆွေမျိုးများအားလုံးအတွက် ပေးပို့စာ
ဤလပြည့်- နေ့ထူးနေ့မြတ်မှာ ပြည်သူပြည်သား၊မိတ်ဆွေ ၊ ဒီမိုကရေစီ တိုက်ပွဲ ဝင်ပုဂ္ဂိုလ်များ၊ ဆွေမျိုးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြပါစေ။ ကျွန်တော့ထက် အသက်ကြီးသူအားလုံးကိုလည်း ဒီကဘဲ ကန်တော့ လိုက်ပါတယ်။ ကျွန်တော့်ထက်ငယ်ရွယ်သူအားလုံးရဲ့ ဗုဒ္ဓဘာသာထုံးတမ်းအတိုင်း ကန်တော့ တာကိုလည်း ခံယူပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့အားလုံး လူမှုဒုက္ခအပေါင်း ခံစားနေရပါတယ်။ ကျွန်တော်နေ နေတဲ့ မဲဆောက်မှာလည်း ထွက်ပြေးလာတဲ့ မြန်မာတွေ ဒုက္ခမျိုးစုံကြုံနေရပါတယ်။ အထဲမှာကျန်ရှိနေတဲ့သူအားလုံးဟာတော့ ပိုပြီး ကြီးမားလာတဲ့ဒုက္ခတွေ ခံစားနေရပါတယ်။ ဒီဒုက္ခအပေါင်းဟာ စစ်တပ်နဲ့ အာဏာရှင်တွေက အာဏာသိမ်းပြီး အတင်းအဓမ္မအုပ်စိုးလို့ ဖြစ်လာတဲ့ဒုက္ခတွေပါ။ ဒီစနစ်ကို ဖယ်ရှားနိုင်မှသာ ဒီလိုအတိ ဒုက္ခရောက်နေတဲ့ဘဝ ၊ လူစဉ်မမှီတဲ့ဘဝ၊ စစ်ကျွန်ဘဝက လွတ်မြောက်မှာပါ။ ဒီလိုစစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်ဖယ်ရှားဖို့ တာဝန်ကို ပြည်သူအားလုံး (မိမိအပါအဝင်ရဲ့) မဖြစ်မနေ ထမ်းဆောင်ဖို့ လိုအပ်လှပါတယ်။ ထမ်းဆောင်နေသူ အားလုံးကိုလည်း ဦးညွှတ်အလေးပြု ဂုဏ်ယူပါတယ်။ ပြည်သူပြည်သားအားလုံး စစ်ကျွန်ဘဝကနေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။ လူ့ဘဝကို လူတန်းစေ့စေ့၊ပျော်ပျော်ရွှင်ရွှင် ကိုယ်ချစ်ခင်သူတွေနဲ့ အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေနိုင်ကြပါစေ။ သူတော်ကောင်းစိတ်တွေ မွေးနိုင်ကြပါစေ။ သူယုတ်မာစိတ်တွေ ပပျောက်ဖယ်ရှားနိုင်ကြပါစေ။
လေးစားစွာဖြင့်
စန်းအောင် ( ၁၉၉၀-အမတ်)
အမှုဆောင်ဒါရိုက်တာ၊ New Myanmar Foundation

