၂၀၂၂ ခုနှစ် မြန်မာနှစ်သစ်-နှစ်ကူး နှုတ်ခွန်းဆက်လွှာ
မြန်မာပြည်သူ-ပြည်သားအပေါင်း ဒီမိုကရေစီအင်အားစုများ မိတ်ဆွေရဲဘော်အပေါင်းတို့ခင်ဗျား
လေးစားစွာ မေတ္တာအပြည့်ဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ တိုင်းပြည်များ၊ လူမျိုးများစွာ တိုးတက် သာယာပျော်ရွှင်နေချိန် တွင် ကျွန်တော်တို့ ပြည်သူများ ယနေ့အထိ နှစ်၆၀ကျော် ဆင်းရဲဒုက္ခများစွာ ခံစားနေရကာ တစ်မျိုးလုံး လူစဉ်မမှီ လူတော မတိုးဖြစ်နေရခြင်း၏ အကြောင်း အရင်းမှာ ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ်၏ စိုးမိုးအုပ်ချုပ်မှု ကြောင့် ဖြစ်ပါသည်။ ၎င်းစနစ်ကို အမြစ်ဖြတ်ဖယ်ရှားပြီး ပြည်သူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးနှင့် တန်းတူမှု၊ တိုင်းရင်းသားလူမျိုးစုအားလုံး၏ အခွင့်အရေးနှင့် တန်းတူမှု အားလုံးကို အပြည့်အဝကာကွယ်၊ အာမခံ ထွန်ကားစေမည့် ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်မှသာ မြန်မာပြည်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲပြီး ပြည်သူအပေါင်းလဲ ကျန်းမာချမ်းသာ ပျော်ရွှင်စွာဖြင့် လူစဉ်မှီ လူတောတိုးနိုင်ပါလိမ့်မည်။ အဓိကသော့ချက်မှာ စစ်အာဏာရှင် အမြစ်ဖြတ်ရေးဖြစ်ပါသည်။ ခက်ခဲသော် လည်း ပြည်သူအားလုံးပါဝင်ကာ အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်းပါက မအောင်မြင်စရာမရှိပါ။ အာဇာနည်သူရဲကောင်းအပေါင်းမှ အသက်၊သွေး၊ချွေးပေးကာ တိုက်ပွဲဝင်မှုကြောင့် ယခုအခါ တော်လှန်ရေး အရှိန်အဟုန်မှာ ပြန့်နှံကြီးမားနေပြီ ဖြစ်ပြီး အောင်မြင်ရန် လက်တကမ်းသာ လိုပါ တော့သည်။
ဤအခြေအနေသည် ၁၉၈၈မှ စ၍ရေတွက်ပါက အနှစ် ၃၀ကျော်မှ တခါရရှိနိုင်သော အခွင့်အေရး ဖြစ်ပါသည်။ ဤအခွင့်ကောင်းကို လက်လွှတ်မခံဘဲ ကျွန်တော်တို့ ပြည်သူများ၊ အင်အားစုများ၊ မိတ်ဆွေအပေါင်းတို့မှ တတ်အားသရွေ့ ဆက်လက်ကူညီ ဆောင်ရွက်ပေးကြပါရန် အနူးအညွတ်ပန်ကြားပါသည်။
ပြည်သူ ပြည်သားအားလုံး စစ်ကျွန်ဘဝမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။
လေးစားစွာဖြင့်
စန်းအောင် ( ၁၉၉၀-အမတ်)
အမှုဆောင်ဒါရိုက်တာ၊ New Myanmar Foundation

