နေ့စွဲ – ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၈) ရက်။
၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှ အစပြုခဲ့သည့် စစ်အာဏာရှင်စနစ်အား နိုင်ငံတ၀ှမ်း ဆန့်ကျင် ဆန္ဒပြခဲ့သော (၈၈၈၈) အရေးတော်ပုံနေ့ကြီး (၃၇) နှစ်ပြည့် အထိမ်းအမှတ်ပွဲအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဦးစွာပထမ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံး ခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် (၁)မိနစ် ငြိမ်သက် အလေးပြုခဲ့ကြပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြားထားသော NUGမှတရားရေးဝန်ကြီး ဆရာဦးသိန်းဦး၊ ABSDFဥက္ကဌ ဆရာဦးသံခဲ နှင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းတွဲဖက်အတွင်းရေးမှူး ဆရာမ ဒေါ်ခင်လှဌေး တို့မှ အသီးသီးအမှာစကားများ ပြောကြားခဲ့ကြကာ (၈၈၈၈) အရေးတော်ပုံ ဖြစ်ပေါ်လာမှုနှင့် တိုက်ပွဲဝင်ခဲ့ပုံများ၊ (၁၉၈၈) မှစ၍ ယခုလက်ရှိတိုင် အာဏာရှင်အား တော်လှန်ခဲ့ကြသော ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းအား လေးစားဂုဏ်ယူကြောင်း၊ ယခုအာဏာရှင် တော်လှန်ရေးတွင် ပြည်သူများနှင့်အတူပူးပေါင်းကာ တိုက်ပွဲဝင်နေကြောင်း၊ ရှေ့ဆက်၍လည်း အာဏာရှင်အား အမြစ်ပြတ်ဖြုတ်ချပြီး လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အမြန်ဆုံးရရှိပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန် နှိုးဆော်တိုက်တွန်းခဲ့ကြပါသည်။ ထို့နောက် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ သတင်းအချက်အလက် အရာရှိချုပ် ဆရာဦးအောင်ဖြိုးကျော်မှ ဦးဆောင်၍ တက်ရောက်လာကြသော ဆရာ/ ဆရာမများနှင့်အတူ (၈၈၈၈) အရေးတော်ပုံနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲအား ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများအား အအေးနှင့် မုန့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ အစီအစဉ်နောက်ဆုံး အနေဖြင့် New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ အခမ်းအနားအပိတ်အမှာစကားပြောကြားခဲ့ပြီး (၃၇) နှစ်မြောက် (၈၈၈၈) နှစ်ပတ်လည်နေ့ အခမ်းအနားအား အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။









#8888
#၈၈၈၈

