ယနေ့သည် ပြည်သူများမှ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသော ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးအား စစ်တပ်မှ အကြမ်းဖက် ချေမှုန်းပြီး အာဏာသိမ်းယူခဲ့သောနှစ်ပတ်လည်နေ့ဖြစ်သည့်အပြင် ၂၀၀၇ ခုနှစ်၌ သံဃာတော်များမှဦးဆောင်ကာ စစ်အာဏာရှင်များအပေါ် ကံဆောင်ခြင်းသပိတ်ပြုလုပ်ခဲ့ပြီး တနိုင်ငံလုံး ဆန္ဒဖော်ထုတ်ခဲ့သောရွှေ၀ါရောင်တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါသည်။ တနည်းအားဖြင့် စစ်တပ်မှ ပြည်သူတရပ်လုံးကို စစ်ကျွန်ဇာတ်သွင်းသောနေ့နှင့် သံဃာထုတရပ်လုံးမှ စစ်အာဏာရှင်စနစ်သည် ပြည်သူများအတွက် မည်သို့မျှ ကောင်းကျိုးမပေးကြောင်း ဖော်ထုတ် မီးမောင်းထိုး ဆန့်ကျင်ဆန္ဒပြမှု၏ အထိမ်းအမှတ်နေ့ ဖြစ်ပါသည်။
ဤသံဃာ့လှုပ်ရှားမှုကြီးကိုလည်း စစ်တပ်မှ အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းခဲ့မှုကြောင့် သံဃာတော်များစွာ ပျံလွန်တော်မူခဲ့ရပြီး ကျန်ရှိသော သံဃာများစွာမှာလည်း နှစ်ရှည်ထောင်ချအနှိပ်စက်ခံခဲ့ရပါသည်။ ထို့အပြင် စစ်ကြောရေးစခန်း၊ ထောင်နှင့် ရဲဘက်စခန်းများ တွင်လည်း သံဃာတော်များစွာ ထပ်မံပျံလွန်တော်မူခဲ့ကြရပါသည်။
မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ကြောင့် သံဃာတော်များအပါအ၀င် တိုင်းရင်းသားပေါင်းစုံနှင့် ပြည်သူလူထုတရပ်လုံး စစ်ကျွန်ဘ၀ကျရောက်ကာ လူတန်းစေ့မနေရခြင်း၊ လူတောမတိုး၊ ဆင်းရဲငတ်ပြတ်ကာ ဒုက္ခပေါင်းစုံခံစားနေရသည်များမှာ ယနေ့တိုင်အောင် ဖြစ်ပါသည်။ ဤစစ်အာဏာရှင်စနစ်ကို ဖယ်ရှားသုတ်သင်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသား များ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို ရရှိသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်မှသာ တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကာ အတူတကွ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်နိုင်မည်ဖြစ်ပါသည်။ မိမိတို့အားလုံးအပေါ် ကျရောက်နေသော ဤသမိုင်းပေးတာ၀န်ကို ပြီးမြောက်အောင်မြင်သည်အထိ မဆုတ်မနစ် ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်ပါသည်။
ရွှေ၀ါရောင်တော်လှန်ရေးအပါအ၀င် စစ်အာဏာရှင်ဖယ်ရှားရေးကြိုးပမ်းမှုအဆက်ဆက်တွင် ကျဆုံးဒဏ်ရာရ၊ နှိပ်စက်ဖိနှိပ်ခံခဲ့ ကြရသော သံဃာတော်အပေါင်းအား ယခုသမိုင်း၀င် နေ့တွင် ဂုဏ်ပြုဦးညွတ်ကန်တော့အပ်ပါသည်။
ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအခွင့်အရေးများအတွက် တိုက်ပွဲ၀င်ရင်း ကျဆုံး၊ ထိခိုက်၊အနှိပ်စက်အကျဥ်းကျ ခံခဲ့ကြရသော သူရဲကောင်းအပေါင်းအားလည်း လေးစားစွာဦးညွတ်အလေးပြုအပ်ပါသည်။
ပြည်သူများအောင်ပွဲခံရမည်။
စစ်အာဏာရှင်စနစ်ကျဆုံးရမည်။

