NMF ၏ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး အစီအစဉ်ကို ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ခဲ့သည်။ ဒီဇင်ဘာလအတွင်း ကူညီပေးနိုင်ခဲ့သူပေါင်း (၆၆) ဦးအထိရှိခဲ့ပါသည်။ ဒီဇင်ဘာလအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူပေါင်း (၂)ဦးကို မဲဆောက်သို့ အန္တရာယ်ကင်းစွာရောက်ရှိအောင် ကူညီပေးခဲ့ပြီး ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူပေါင်း (၁၉) ဦးကို အလုပ်ရှာဖွေပေးနိုင်ခဲ့ပါသည်။ အလုပ်ရရှိသူများထဲမှ(၁၆)ဦးမှာ New Myanmar Foundationမှ စက်ချုပ်သင်တန်းဆင်း ပြီးနောက် အလုပ်ချိတ်ဆက်ပေးလိုက်ခြင်းဖြစ် ပါသည်။ (၃)ဦးမှာမူ New Myanmar Foundationမှ ဖွင့်လှစ်သော ဆံပင်ညှပ်သင်တန်းမှ သင်တန်းဆင်းပြီးနောက် အလုပ် ရှာဖွေပေးလိုက်ခြင်းဖြစ်ပါသည်။
မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများ ကနဦး နေစရာ အဆင်ပြေစေရန် Safe House အကူအညီပေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာလအတွင်း Safe House တွင် လက်ခံပေးခဲ့သူပေါင်း (၂၄) ဦး ရှိပါသည်။ Safe House တွင် နေထိုင်ရန် ခွင့်ပြုပေးခဲ့ သူများမှာ ဒီမိုကရေစီအရေး တစိုက်မတ်မတ် လုပ်ခဲ့သော အရပ်ဖက်အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ, ပြည်သူ့ကိုယ်စားလှယ်များ, အကြမ်းမဖက် အာဏာဖီဆန်ရေး တွင် ပါဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများ, NLD ပါတီဝင်များ, တက်ကြွလှုပ်ရှား သူများနှင့် မိသားစုဝင်များ ပါဝင်ပါသည်။ ထို့အပြင် Safe house မှ ထွက်ခွာသွားချိန်တွင် အဆင်ပြေစေမှုရှိစေရန် အလုပ်အကိုင်သင်တန်း ချိတ်ဆက်ပေးခြင်း, အလုပ်သွင်း ပေးခြင်း များကိုလည်း ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ်ပေါ်မူတည်၍ ရှာဖွေပေးလျှက်ရှိပါသည်။
Safe house တွင် အဆင်ပြေချောမွေ့ စေရန် ရေ,မီး, မီးဖိုချောင်သုံးနှင့် အိမ်သုံး ပစ္စည်းများ ဖြည့်ဆည်း ပေးခြင်း, Wifi အင်တာနက်များ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ အခြေခံကျန်းမာရေး စောင့်ရှောက်မှု နှင့် စာကြည့်တိုက် ဝန်ဆောင်မှုများကိုလည်း အောက်တိုဘာလကတည်းမှ စတင်ခဲ့ပြီး ဖြစ်ပါသည်။ မယ်တော်ဆေးခန်းသို့ ကိုဗစ်ကာကွယ်ဆေးထိုးရန် ဒီဇင်ဘာ(၂၂)ရက်နေ့တွင် လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။
ထို့အပြင် ဧပြီလမှ စတင်၍ အထွေထွေ အကူအညီ တောင်းခံမှုနှင့် စုံစမ်းမေးမြန်း မှုများကိုလက်ခံဖြေကြားပေးခဲ့ရာ ယခုဒီဇင်ဘာလအတွင်း စုစုပေါင်း (၁၇) ဦးကို ကူညီပေးနိုင်ခဲ့ပါသည်။
ထို့ကြောင့် NMF ၏ အကူအညီပေးရေး အစီအစဉ်မှ ဒီဇင်ဘာလအတွင်း စုစုပေါင်း လူပေါင်း (၆၆)ဦး ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ အဆင်ပြေ ချောမွေ့အောင် ကူညီပေးနိုင်ခဲ့ပါသည်။ အကူအညီ လိုအပ်သူများ အနေဖြင့် အပတ်စဉ် တနင်္လာနေ့ မှ စနေနေ့ အတွင်း မနက် (၈) နာရီမှ ည (၉) အထိ ဖုန်းနံပါတ် (၀၉၄၇၈၄၁၉၆၇)သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။

