စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် သဝဏ်လွှာ
မြန်မာပြည်သူပြည်သားအပေါင်းတို့ခင်ဗျား
စစ်အာဏာသိမ်းတစ်နှစ်မြောက်နေ့မှာ စာရေးသားပေးပို့အပ်ပါတယ်။ ကျွန်တော်တို့တွေဟာ စစ်ကျွန်ဘဝနှင့် ၁၉၆၂ ခုနှစ်ကနေ တောက်လျှောက် နေခဲ့ရတာပါ။၂၀၁၅-၂၀ NLD အစိုးရလက်ထက်မှာလည်း စစ်ကျွန်ဘဝက လုံးလုံး လျားလျားလွတ်ခဲ့တာမဟုတ်ပါ။ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေကို ကျွန်တော် တို့လို စစ်ကျွန်ဘဝမှာ ဆက်မထားနိုင်ပါ။
အိမ်နီးနားချင်းတွေ၊အာဖရိကနိုင်ငံတွေ ဘယ်နိုင်ငံဘဲကြည့်ကြည့်၊ အားလုံး နီးပါးဟာ ကျွန်တော်တို့ တစ်တွေထက် အများကြီး ကြီးပွားတိုးတက်နေကြပါပြီ။
ကျွန်တော်တို့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတိုင်းရဲ့ လူ့အခွင့်အရေး၊ ပြည်သူတွေက ရွေးချယ်ပြီး မကြိုက်ရင် ဖယ်ရှားပြစ်နိုင်တဲ့အစိုးရ၊ တိုင်းရင်း သား တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ တွေရှိမှသာ ပြည်သူတွေ အေးချမ်းသာယာပြီး တိုးတက်ချမ်းသာနိုင်ပါမယ်။ ချစ်ချစ်ခင်ခင်နဲ့ အတူလက်တွဲပြီး စည်းလုံးနိုင်ပါမယ်။ အဲ့ဒီလိုဖြစ်နိုင်အောင်ဟာ စစ်အာဏာရှင်စနစ်ကို အရင်ဖယ်ရှားပစ်မှ ရပါမယ်။
အဲ့ဒီလိုဖယ်ရှားပစ်နိုင်အောင် အစွမ်းကုန်ဝိုင်းဝန်းပြီး တက်ညီလက်ညီ ဆက်လက်ဆောင်ရွက်သွားကြဖို့ အနူးအညွတ်ပန်ကြားအပ်ပါတယ်။
အဲ့ဒီလို လုပ်ဆောင်ရင်းနဲ့ အသက်နဲ့ ကျိုးပဲ့ခန္ဓာအစိတ်အပိုင်းတွေ စွန့်လွှတ်ခဲ့ရသူတွေ၊ ငွေကြေးနဲ့ ဘဝတိုးတက်မှုတွေ စွန့်လွှတ်ခဲ့ရသူတွေ၊ သူရဲကောင်းနဲ့ အာဇာနည်အပေါင်းကို ဦးညွှတ်ဂုဏ်ပြုပါတယ်။
ပြည်သူတွေရဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေအားလုံး အမြန်ဆုံး ပြည့်စုံနိုင်ပါစေ။
စစ်ကျွန်ဘဝက အမြန်ဆုံးလွတ်ပါစေ။
လေးစားစွာဖြင့်
စန်းအောင် ( ၁၉၉၀-အမတ်)
အမှုဆောင်ဒါရိုက်တာ၊ New Myanmar Foundation

