10.12.2022
မြန်မာပြည်သူပြည်သား အပေါင်းတို့ ခင်ဗျား –
၁၉၄၈ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights)ကို အတည်ပြုကြေညာခဲ့သည်မှာ ယနေ့အခါ (၇၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ၎င်းလူ့အခွင့်အရေးများသည် လူသားတိုင်း၏ မွေးရာပါအခွင့်အရေးများဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ၊ မည်သည့် အခြေအနေတွင်မျှ ဖယ်ရှားခြင်း၊ရုပ်သိမ်းခြင်း မပြုနိုင်ပါ။ ယခုနှစ် ၂၀၂၂အတွက် တကမ္ဘာလုံးမှ အလေးထားဇောင်းပေးသွားမည့် လူ့အခွင့်အရေးများမှာ လူသားတိုင်း၏ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတရေး တို့ဖြစ်ပါသည်။
ကမ္ဘာတဝှမ်းတွင် ဤလူ့အခွင့်အရေးများကို အနှစ်(၇၀)ကျော်တိုင် သတ်မှတ်ပြဌာန်း၊ ကျင့်သုံးနေခဲ့ကြပြီဖြစ်သော်လည်း မြန်မာပြည်သူများမှာမူ ၁၉၄၈ခုနှစ် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သော ပြည်တွင်းစစ်နှင့် ၎င်းကိုအခြေခံ ကြီးထွားလာသော စစ်အာဏာရှင်စံနစ်အောက်တွင် လူ့အခွင့်အရေးအားလုံးကို ဆုံးရှုံးနေခဲ့ပြီး စစ်ကျွန်ဘဝသို့ သားစဉ်မြေးဆက်ရောက်ရှိ နေခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။
စစ်ကျွန်ဘဝတွင် စစ်တပ်၏ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများ၊ မတရားဖိနှိပ်အုပ်ချုပ်မှုများကြောင့် မြန်မာပြည်သူ များသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ဘက်ပေါင်းစုံတွင် ကျဆုံးနိမ့်ကျကာ၊ မြန်မာနိုင်ငံသမိုင်းတွင် မကြုံခဲ့ဘူးသော ဆင်းရဲငတ်ပြတ်မှု၊ လူမှုဒုက္ခအကြပ်အတည်းပေါင်းစုံ(Unprecedented Humanitarian Crisis )တို့အား ကြုံတွေ့ ခံစားနေရပါသည်။
ဤစစ်အာဏာရှင်စံနစ်အား အမြစ်ဖြတ်သုတ်သင်ကာ တိုင်းရင်းသား လူမျိုးများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဒီမိုကရေစီပြည်ထောင်စုစံနစ်ကို တည်ဆောက်နိုင်မှသာလျှင် မြန်မာပြည်သူများသည် မိမိတို့၏မွေးရာပါ လူ့အခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဤစစ်အာဏာရှင်စံနစ်ကို အမြန်ဆုံးဖယ်ရှားရေးသည် မြန်မာပြည်သူတစ်ရပ်လုံးအပေါ်တွင် ကျရောက် နေသည့် သမိုင်းပေးတာဝန်ဖြစ်သည့်အားလျော်စွာ အောင်မြင်ပြီးဆုံးသည်အထိ ပြည်သူအားလုံးမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆက်လက်ကြိုးပမ်းအားထုတ်ကြပါရန် အလေးအနက်ပန်ကြားအပ်ပါသည်။
ထို့သို့ကြိုးပမ်းအားထုတ်နေကြသော ပုဂ္ဂိုလ်အားလုံးကိုလည်း အထူးချီးကျူးဂုဏ်ပြုအပ်ပါသည်။ ထိုသို့တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါနှင့် အသက်ပေးလှူသွားကြသော အာဇာနည် သူရဲကောင်း အားလုံးအားလည်း လေးစားစွာဖြင့် ဦးညွှတ်အလေးပြု အပ်ပါသည်။
ပြည်သူများအားလုံး
– စစ်ကျွန်ဘဝမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။
– မွေးရာပါ လူ့အခွင့်အရေးများကို အပြည်အဝရရှိခံစားနိုင်ကြပါစေ။
လေးစားမေတ္တာထားစွာဖြင့်
စန်းအောင် (၁၉၉၀ – အမတ်)
တာဝန်ခံ (New Myanmar Foundation)


