New Myanmar Foundation မှ ဦးစီးကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၂၈) သင်တန်းဆင်းပွဲ ကို (၂၉-၇-၂၀၂၃) ရက်နေ့ ညနေ (၃) နာရီခွဲတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်း အပတ်စဉ်-(၂၈)ကို အောင်မြင် ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊သင်တန်းသား (၇)ဦး ရှိပါသည်။
သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ သင်တန်းပြီးစီးသွားသည့် သင်တန်းသူ၊သင်တန်းသား များကို တွေ့ရ၊မြင်ရသည်မှာ အင်အားအပြည့်နှင့် ရှိနေတာကိုတွေ့ရသောကြောင့် ပီတိဖြစ်ရကြောင်း၊ ဆက်လက်ကြိုးစားသွားကြရန် နှင့် အချင်းချင်းလည်း ဗဟုသုတများ မျှဝေကြရန် လိုအပ်ကြောင်း၊ အချင်းချင်း အဆက်အသွယ်မပြတ်ရှိကြဖို့ နဲ့ မိမိတို့လည်းဝန်းရံပေးနေမည်ဖြစ်ကြောင်း၊ New Myanmar Foundation သည်လည်း တထောင့်တနေရာမှ ပါဝင်ကူညီပေးနေပြီး ရယူနိုင်သော အခွင့်အလမ်းများကိုလည်း စည်းကမ်းတကျ ရယူနိုင်ပါကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ ယခုဆိုလျှင် သင်တန်းသား၊သင်တန်းသူများသည် အလုပ်ဝင်နိုင်သောအဆင့်သို့ ပိုင်ပိုင်နိုင်နိုင် ရောက်ရှိနေကြပြီ: လမ်းပျောက်နေသူများမဟုတ်တော့ဘဲ လမ်းဆက်လျှောက်နေကြသူများဖြစ်ပါသောကြောင့် အားပေးနေကြောင်း၊ အထည်ချုပ်ပညာဆိုသည်မှာ ဒေသတစ်ခုတည်းတွင် အသုံးပြုနိုင်သော ပညာသာမဟုတ်ဘဲ နိုင်ငံတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်သော အတတ်ပညာတစ်ခုဖြစ်သောကြောင့် စနစ်တကျ ဆက်လက်ကြိုးစားကြရန် အားပေးကြောင်း၊ မည်သည့်နေရာတွင် ရှိနေပါစေ ရောက်ရှိရာနေရာတိုင်းတွင် မိမိနိုင်ငံအရေးကို လျစ်လျှူမရှုကြဘဲ နိုင်သရွေ့ဝင်ရောက်ကူညီကြစေရန်လည်း တိုက်တွန်းကြောင်း၊ မိမိဂုဏ် – နိုင်ငံ၏ဂုဏ် ကို မြှင့်တင်နိုင်သော သားကောင်း၊သမီးကောင်းများအဖြစ် နေထိုင်သွားကြရန် မှာချင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူ၊သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူ၊သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အခမဲ့ အခြေခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။












