
New Myanmar Foundation ၏ အမျိုးသား၊ အမျိုးသမီး ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၁.၁၁.၂၀၂၂ ခုနှစ် သောကြာနေ့ နံနက် (၁၁) နာရီပြုလုပ်ခဲ့ပါသည်။
ဒုတိယအကြိမ်မြောက် ဆံပင်ညှပ်သင်တန်းတွင် အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၁၀)ဦး တက်ရောက်သင်ကြားခဲ့ ပါသည်။ သင်တန်းကာလ (၅)ပတ်ကြာမြင့်ခဲ့ပြီး ခေါင်းလျှော်၊ စက်ဆွဲပညာ၊ ဆံပင်ညှပ်၊ ဆံပင်ဆေးဆိုး၊ ဆံပင်ကောက်၊ ဆံပင်ဖြောင့် ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြကာ သင်တန်းနောက်ဆုံးအပတ်တွင် စာမေးပွဲဖြေဆို၍ ထိုက်ထိုက်တန်တန်အောင်မြင်ခဲ့ကြခြင်းဖြစ်ပါသည်။ (၃) ပတ်တာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီး (၂) ပတ်တာ လက်တွေ့ကွင်းဆင်း လေ့ကျင့်ခဲ့ကြခြင်းဖြစ်ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် ထူးချွန်သင်တန်းသားနှင့် သင်တန်းသူ နှစ်ဦးကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းဆရာမ ဒေါ်ဝါဝါမြင့်မှ သင်တန်းသူများအား၊ စိတ်ဓါတ်မကျရန်၊ အဆိုးမြင်စိတ်ဖျောက်၍ အကောင်းမြင်စိတ်ရှေးရှူကာ နိုင်ငံသူ၊ နိုင်ငံသားများနှင့် ဒီမိုကရေစီအရေးအတွက် တတ်သည့် ပညာနှင့် ကျရာကဏ္ဍမှ ပါဝင်ကူညီအားဖြည့်ကြရန် ပြောကြားခဲ့ပါသည်။ သင်တန်းဆရာ ဦးစိုးအောင်မှ ဂုဏ်ပြုဆုအဖြစ်ရသော ပစ္စည်းများကို သင်တန်းသားများနှင့်အတူ မျှဝေသုံးစွဲရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ အမျိုးသားအတွက် ဂုဏ်ပြုဆုကို Sponsor ပေးခဲ့သော မေမေ့ရင်ခွင် အဖွဲ့တည်ထောင်သူ ဧည့်သည်တော် ဦးသန်းမြင့်အောင်မှ သင်တန်းသားများအတွက် ဂုဏ်ပြုစကား ပြောကြားပေးခဲ့ပါသည်။ New Myanmar Foundationမှ ဒါရိုက်တာ Dr.စန်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် NMF အနေဖြင့် အားလုံးလုပ်ငန်းခွင်ဝင်ကြကာ ဝင်ငွေရရှိစေရန်၊ ဒီမိုကရေစီအရေး ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုရန် ရည်ရွယ်၍ ဆံပင်ညှပ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် မိမိတို့၏ Network ကို တတ်နိုင်သမျှချဲ့ကြရန်၊ လုပ်ငန်းခွင်ဝင်ရာတွင် လူ့အအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်၍ ဖိနှိပ်ခံရပါက ရှေ့နေဖြစ်သော လူ့အခွင့်အရေးသင်တန်းဆရာမကို ဆက်သွယ်ရန်၊ NMF မှ အခြားလုပ်ဆောင်နေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကာ လိုအပ်ပါက ဆက်သွယ်ရန် ပြောကြားခဲ့ပါသည်။
ထို့နောက်သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး၊ ထူးချွန်ဆုရ သင်တန်းသား မောင်အောင်မင်းဟိန်းနှင့် သင်တန်းသူ မရိုစီသောင်းတို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။ သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီမှ သင်တန်းဆင်းပြီးနောက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ပြောကြားကာ သင်တန်းဆင်းနှုတ်ဆက်စကားပြောကြားခဲ့ကြပြီးနောက် အမှတ်တရဓါတ်ပုံရိုက်ကူးကာ သင်တန်းဆင်းပွဲကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

