၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ကြီးမှူး၍ (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နှင့် ခေတ်အဆက်ဆက် ကျဆုံးခဲ့သော အမျိုးသားခေါင်းဆောင်များအား ဂုဏ်ပြုအလေးပြုခြင်း၊ ဒီမိုကရေစီရရှိရေး၊ အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသားအားလုံးတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် အသက်ပေး တိုက်ပွဲဝင်သွားကြသော အာဇာနည်ကြယ်ပွင့်များအား ဂုဏ်ပြုအလေးပြုခြင်း များပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 𝗗𝗿.𝗦𝗮𝗻𝗻 𝗔𝘂𝗻𝗴 မှ အဖွင့် အမှာစကား ပြောကြား၍ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အမြဲတမ်း ဗဟိုကော်မတီဝင် ခူးရေမွန်ထူး မှ ပြည်ထောင်စုနေ့ အကြောင်းအမှတ်တရ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ 𝗔𝗕𝗦𝗗𝗙 ဥက္ကဌ ရဲဘော် သံခဲ မှ ပြည်ထောင်စုနေ့ အကြောင်း၊ ပင်လုံစာချုပ် တွင် ပါရှိသော အပိုဒ် (၉)ပိုဒ်အား ဗဟုသုတအဖြစ်မျှဝေပေးခြင်းများပြုလုပ်ခဲ့ပြီး ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်း မှ ပြည်ထောင်စုနေ့ အကြောင်း၊ ပင်လုံစာချုပ် အကြောင်း နှင့် ယခုနွေဦးတော်လှန်ရေး တွင် အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသား အားလုံး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် အတူတကွ တိုက်ပွဲဝင်နေကြသော မျိုးဆက်သစ် လူငယ်များအား ဦးညွှတ် ဂါရဝပြုကြောင်း ပြောကြားခဲ့ပါသည်။ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ နိုင်ငံရေးမှူး တစ်ဦးမှလည်း ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော ခေါင်းဆောင်ကြီးများ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသော ပြည်ထောင်စုကြီး ပြန်လည် အသက်ဝင် တည်တန့်စေရန် စုပေါင်း ညီညာ တစ်စိတ်တစ်ဝမ်းတည်း အာဏာရှင်အား တော်လှန်ကြရန် တိုက်တွန်း နှိုးဆော်ခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များမှ 𝗔𝗕𝗦𝗗𝗙 ဥက္ကဌ ရဲဘော် သံခဲ နှင့် အမေးအဖြေများ ပြုလုပ်၍ 𝗔𝗕𝗦𝗗𝗙 ဥက္ကဌ ရဲဘော်သံခဲ မှ ပြည်ထောင်စုနေ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော မှတ်တမ်းဓါတ်ပုံများ အား ဗဟုသုတအနေဖြင့် မျှဝေ ပေးခဲ့ပါသည်။ အခမ်းအနား အစီအစဉ် နောက်ဆုံး အနေဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် အမှတ်တရ စကားများ ပြောကြား ပေးခဲ့သော ဆရာကြီးများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ တက်ရောက်လာသော ဧည့်သည်တော်များအား ကျွေးမွေးဧည့်ခံ၍ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။









