ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း – အပိုင်း ၃
ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် အိန္ဒိယကုန်စည်များ အပေါ် အခွန်နှုန်းထားကို ထရမ့်က ၅၀ ရာခိုင်နှုန်းအထိ အလွန်အမင်း တိုးမြှင့်လိုက်ပြီးနောက် မကြာမီမှာပင် ဝန်ကြီးချုပ် မိုဒီသည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နှင့်အတူ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပေကျင်းသို့ ပျံသန်းခဲ့သည်။ ဒီဇင်ဘာလတွင် ပူတင်သည် နယူးဒေလီရှိ မိုဒီထံသို့ လာရောက်လည်ပတ်ခဲ့ပြီး ထိုနေရာတွင် အိန္ဒိယဝန်ကြီးချုပ်က သူ၏နိုင်ငံနှင့် ရုရှားအကြား ချစ်ကြည်ရေးမှာ “ဓူဝံကြယ်ကဲ့သို့” ဖြစ်သည် ဟု ဖော်ပြခဲ့ကာ ခေါင်းဆောင်နှစ်ဦးသည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ်လာ ဘီယံ ၁၀၀ အထိ ရောက်ရှိရန် ပစ်မှတ်ထားခဲ့ကြသည်။ အိန္ဒိယသည် မော်စကိုနှင့် တရားဝင် မဟာမိတ် ဖွဲ့ခြင်း မဟုတ်သော်လည်း မိုဒီက ဝါရှင်တန်အနေဖြင့် နယူးဒေလီတွင် ရွေးချယ်စရာ လမ်းစများ ရှိနေကြောင်းကို အိမ်ဖြူတော်အား သတိပေးနေခြင်း ဖြစ်သည်။
ထောက်ပံ့ရေးကွင်းဆက်များနှင့် ကုန်သွယ်ရေး အစီအစဉ်များကို ပြန်လည်ပြင်ဆင်ခြင်းမှာ ကုန်ကျစရိတ်ကြီးပြီး အချိန်ယူရသည်။ ပူးပေါင်းဆောင်ရွက်မှုနှင့် မှီခိုမှု အလေ့အထများသည် တညတည်းနှင့် ပျောက်ကွယ်မသွားနိုင်ပါ။ ထို့ကြောင့် အချို့နိုင်ငံများသည် ရေတိုတွင် ထရမ့်ကို လိုက်လျောရန် ရွေးချယ်ခဲ့ကြသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် အမေရိကန် စီးပွားရေး တွင် ဘီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် သဘောတူခြင်းဖြင့် အခွန်နှုန်းထားများကို လျှော့ချရန် ထရမ့်ကို ဆွဲဆောင်နိုင်ခဲ့သော်လည်း၊ ကတိပြုထားသော ပေးချေမှုများသည် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်ပြီး အပြည့်အဝ ဖြစ်လာချင်မှလည်း ဖြစ်လာလိမ့်မည်။ ထိုအတောအတွင်း တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အရာရှိများသည် ၂၀၂၅ ခုနှစ် မတ်လတွင် ငါးနှစ်အတွင်း ပထမဆုံး အကြိမ် ကုန်သွယ်ရေးဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြပြီး၊ South China Morning Post ၏ အဆိုအရ “အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲအတွင်း ဒေသတွင်း၏ ဘဏ္ဍာ ရေးဆိုင်ရာ အကာအကွယ်ကို မြှင့်တင်ရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်” ရည်ရွယ်သည့် သုံးနိုင်ငံ ငွေကြေးဖလှယ်မှု (trilateral currency swap) တခုကို ထိုသုံးနိုင်ငံက စဉ်းစားနေကြသည်။
ပြီးခဲ့သည့် တနှစ် အတွင်း ဗီယက်နမ်သည် ရုရှားနှင့် စစ်ရေးအရ ဆက်ဆံရေးကို တိုးမြှင့် ခဲ့ ပြီး ယခင်က အမေရိကန်နှင့် ပိုမိုနီးကပ်စေရန် ကြိုးပမ်းမှုများကို ပြောင်းပြန်လှန်လိုက်သည်။ The New York Times က ကိုးကားဖော်ပြခဲ့သည့် လေ့လာဆန်းစစ်သူတစ်ဦး၏ အဆိုအရ “ထရမ့် ရဲ့ မူဝါဒတွေက ခန့်မှန်းရခက်လွန်းတာကြောင့် ဗီယက်နမ်ဟာ အမေရိကန်နဲ့ ဆက်ဆံဖို့ အလွန် သံသယဖြစ်လာခဲ့တယ်၊ ဒါက ကုန်သွယ်ရေးကိစ္စတင်မဟုတ်ဘဲ သူ့ရဲ့ စိတ်ကူးနဲ့ လုပ်ဆောင်ချက် တွေကို ဖတ်ရခက်တဲ့ အခက်အခဲကြောင့်လည်းဖြစ်ပါတယ်” ဟု ဆိုသည်။ ထရမ့် ကြွားဝါနေသည့် ခန့်မှန်းရခက်ခြင်းတွင် သိသာထင်ရှားသော အားနည်းချက်တခုရှိသည်။ ယင်းမှာ အခြားသူများကို ပိုမိုအားကိုးရသော မိတ်ဖက်များ ရှာဖွေလာအောင် တွန်းအားပေးခြင်းပင် ဖြစ်သည်။
အခြားနိုင်ငံများသည်လည်း အမေရိကန်အပေါ် မှီခိုနေရမှုကို လျှော့ချရန် လုပ်ဆောင်နေ ကြသည်။ ကနေဒါဝန်ကြီးချုပ် ကာနီသည် အမေရိကန်နှင့် အမြဲနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သည့် ခေတ်မှာ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ထပ်ခါတလဲလဲ သတိပေးခဲ့သည်။ ဆယ်စုနှစ်တခု အတွင်း အမေရိကန်မဟုတ်သော နိုင်ငံများသို့ ကနေဒါ၏ တင်ပို့မှုကို နှစ်ဆတိုးရန် ရည်မှန်းချက် ချမှတ်ခဲ့သည်၊။ အင်ဒိုနီးရှားနှင့် ၎င်း၏နိုင်ငံ၏ ပထမဆုံးသော နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်၊ အာဆီယံ (ASEAN) နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် တခုအတွက် ညှိနှိုင်းနေသည်၊ ထို့ပြင် ဇန်နဝါရီလတွင် ပေကျင်းသို့ ချစ်ကြည် ရေး ခရီးစဉ်တစ်ခု သွားရောက်ခဲ့သည်။ ဥရောပသမဂ္ဂသည်လည်း အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ဖြစ်သော မာကိုဆာ (Mercosur) တို့နှင့် ကုန်သွယ်ရေး သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ ဇန်နဝါရီလကုန်ပိုင်းတွင် အိန္ဒိယ နှင့် ကုန်သွယ်ရေး သဘောတူညီချက်အသစ်တခုကို အပြီးသတ်ရန် နီးကပ်နေပြီဖြစ်သည်။ အကယ်၍ ဝါရှင်တန်အနေဖြင့် အခြားနိုင်ငံများ၏မှီခိုမှုကို အခွင့်ကောင်းယူရန် ဆက်လက် လုပ် ဆောင်နေပါက အခြားနိုင်ငံများ၏ ထိုကဲ့သို့သော စီးပွားရေး၊ ကုန်သွယ်ရေး မဟာမိတ်ဖွဲရန် ကြိုးပမ်းမှုများသည် ပိုမိုမြန်ဆန်လာရုံသာ ရှိပါလိမ့်မည်။
ယခုဝယ်ပါ၊ ပြန်မပေးပါနှင့် (BUY NOW, PAY NEVER?)
အမေရိကန်၏ မဟာမိတ်များသည် ယခင်က အမေရိကန်၏ အကာအကွယ်အပေါ် အလွန် အမင်း မှီခိုနေရသောကြောင့် အတိုင်းအတာတစ်ခုအထိ အနိုင်ကျင့်ခံရမှုကို သည်းခံခဲ့ကြသည်။ သို့သော် သည်းခံနိုင်စွမ်းတွင် အကန့်အသတ်ရှိသည်။ ထရမ့်၏ ပထမသက်တမ်းအတွင်း ကျင့်သုံးခဲ့ သော အမြတ်ထုတ်မှုမှာ အကန့်အသတ်ရှိခဲ့ပြီး၊ အမေရိကန်၏ မဟာမိတ်များအနေဖြင့် သူ၏ ရာထူးသက်တမ်းသည် နောက်တကြိမ် ထပ်မံဖြစ်ပွားခြင်း မရှိနိုင်သည့် သီးခြားဖြစ်ရပ်တစ်ခုသာ ဖြစ်လိမ့်မည်ဟု မျှော်လင့်နိုင်ပါသည်။ ယခုအခါတွင်မူ ထိုမျှော်လင့်ချက်မှာ အထူးသဖြင့် ဥရောပ တွင် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ဥပမာအားဖြင့် အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာ သည် ဥရောပအစိုးရများနှင့် အဖွဲ့အစည်းအတော်များများအပေါ် ဗြောင်ကျကျ ရန်လိုလျက်ရှိ သည်။ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ထရမ့်၏ အသစ်တစ်ဖန် ခြိမ်းခြောက်မှုများနှင့်အတူ ထိုဖြစ်ရပ်သည် နေတိုး (NATO) အဖွဲ့၏ ရေရှည်တည်တံ့နိုင်စွမ်းအပေါ် သံသယများ ပိုမိုမြင့်မား စေခဲ့ပြီး၊ ထရမ့်ကို လိုက်လျောခြင်းဖြင့် စည်းရုံးရန် ကြိုးပမ်းခဲ့သည့် ဥရောပခေါင်းဆောင်များ၏ ကြိုးပမ်းမှုမှာ ကျရှုံးသွားခဲ့ကြောင်း ပြသနေသည်။
ထို့ပြင် အမေရိကန်၏ စစ်ရေးအရ အကာအကွယ်ပေးမှုကို ရုပ်သိမ်းမည်ဟု ခြိမ်းခြောက် ခြင်းများသည် လက်တွေ့တွင် ဘယ်သောအခါမှ အကောင်အထည်မဖော်ပါက ထိရောက်မှု ရှိတော့ မည်မဟုတ်ပေ။ သို့သော် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို လုံးဝ အဆုံးမသတ်ဘဲ ထိုရုပ်သိမ်းမှုကို အကောင်အထည်ဖော်၍ မရနိုင်ပြန်ပေ။ အကယ်၍ ထရန့်က စစ်ရေးအရ ရုပ်သိမ်းမည်ဟု အမြဲခြိမ်း ခြောက်နေသော်လည်း တကယ်တမ်း မလုပ်ဆောင်ပါက သူ၏ ဟန်ပြခြိမ်းခြောက်မှု (Bluff) မှာ အသိအမှတ်ပြုခံရတော့မည်မဟုတ်ဘဲ အတင်းအကျပ် ဖိအားပေးနိုင်စွမ်းလည်း ပျောက်ဆုံးသွား မည် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အကယ်၍ အမေရိကန်က ၎င်း၏ စစ်ရေးကတိကဝတ် များကို တကယ်ပင် ရုပ်သိမ်းလိုက်ပါက ယခင်မဟာမိတ်များအပေါ် ထားရှိခဲ့သော ဩဇာလွှမ်းမိုးမှု များသည် အငွေ့ပျံသကဲ့သို့ ပျောက်ကွယ်သွားလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်က အကာအကွယ်ပေးမှုကို အသုံးချ၍ အဆုံးမရှိသော လိုက်လျောမှုများကို ရယူရန် ကြိုးပမ်းခြင်းသည် ရေရှည်တည်တံ့နိုင်သော ဗျူဟာတစ်ခု မဟုတ်ပေ။
အနိုင်ကျင့်ခြင်းသည်လည်း ရေရှည်မခံပေ။ ဂုဏ်သိက္ခာကျဆင်းစေသော သစ္စာခံမှု ပြသရန် ဖိအားပေးခံရခြင်းကို မည်သူမျှ နှစ်သက်ခြင်း မရှိကြပေ။ ထရမ့်၏ ကမ္ဘာ့အမြင်ကို လက်ခံသည့် ခေါင်းဆောင်များသည် လူသိရှင်ကြား သူ့အား ချီးမွမ်းခန်းဖွင့်ရသည့် အခွင့်အရေးကို နှစ်သက်နိုင် သော်လည်း၊ အခြားသူများမှာမူ ထိုအတွေ့အကြုံကို အလွန်ပင် စိတ်ပျက်စက်ဆုပ်ကြလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ ထရမ့်၏ လက်စွပ်ကိုနမ်းရန် (အညံ့ခံရန်) ဖိအားပေးခံရသော ပြည်ပ ခေါင်း ဆောင်များသည် လှပဆန်းသစ်သော မြှောက်ပင့်စကားများကို ရွတ်ဆိုနေစဉ်တွင် ၎င်းတို့ စိတ်ထဲ၌ ဘာတွေတွေးနေကြမည်ကို ကျွန်ုပ်တို့ မည်သည့်အခါမျှ သိနိုင်မည် မဟုတ်သော်လည်း၊ ၎င်းတို့ထဲမှ အချို့မှာမူ ထိုအတွေ့အကြုံအပေါ် မကျေမနပ်ဖြစ်ကာ နောင်တစ်ချိန်တွင် လက်စားပြန်ချေရန် အခွင့်အရေးကို မျှော်လင့်လျက် ထွက်ခွာသွားကြမည်မှာ သေချာပါသည်။ ပြည်ပခေါင်းဆောင်များ သည် ၎င်းတို့နိုင်ငံရှိ ပြည်သူလူထု၏ တုံ့ပြန်မှုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး၊ အမျိုးသား ရေး ဂုဏ်သိက္ခာ မှာ အားကောင်းသော တွန်းအားတခု ဖြစ်လာနိုင်သည်။
၂၀၂၅ ခုနှစ် ဧပြီလတွင် ဝန်ကြီးချုပ် ကာနီ၏ ရွေးကောက်ပွဲအောင်ပွဲမှာ သူ၏ ထရမ့် ဆန့်ကျင်ရေး “လက်သီးလက်မောင်းတန်း” (elbows up) မဲဆွယ်စည်းရုံးမှုနှင့် သူ၏ ကွန်ဆာ ဗေးတစ် ပါတီမှ ပြိုင်ဘက်မှာ “ထရမ့်အပျော့စား” သာဖြစ်သည်ဟူသော မဲဆန္ဒရှင်များ၏ အမြင် တို့အပေါ် များစွာ အကြွေးတင်နေကြောင်း သတိရသင့်ပါသည်။
ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗား (Luiz Inácio Lula da Silva) ကဲ့သို့သော နိုင်ငံ ခေါင်းဆောင်များသည်လည်း ထရမ့်၏ ခြိမ်းခြောက်မှုများကို အံတုခဲ့သည့်အခါ ၎င်းတို့၏ လူထု ထောက်ခံမှုမှာ သိသိသာသာ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ အရှက်ရမှုများ စုပုံလာသည် နှင့်အမျှ အခြားသော ကမ္ဘာ့ခေါင်းဆောင်များသည်လည်း ထရမ့်ကို ပြန်လည်တွန်းလှန်ခြင်းက ၎င်းတို့၏ မဲဆန္ဒရှင်များအကြားတွင် ၎င်းတို့ကို ပိုမိုရေပန်းစားလာအောင် လုပ်ဆောင်ပေးနိုင် ကြောင်း တွေ့ရှိလာကြပေလိမ့်မည်။
အနိုင်ကျင့်၍ မရသည့် အင်အားကြီးနိုင်ငံ
သားရဲကဲ့သို့ အနိုင်ကျင့် စိုးမိုးမှု (Predatory hegemony) သည် ထိရောက်မှုလည်း မရှိပေ။ ဗိုလ်ကျလိုသူသည် နိုင်ငံစုံပါဝင်ရေးဆွဲထားသော စည်းမျဉ်းများ၊ စံနှုန်းများအပေါ် အမှီပြုခြင်းကို ရှောင်ကြဉ်ပြီး အခြားနိုင်ငံများနှင့် နှစ်နိုင်ငံချင်းအခြေခံ (bilateral basis) ဖြင့်သာ ဆက်ဆံရန် ကြိုးပမ်းသည်။ သို့သော် နိုင်ငံပေါင်း ၂၀၀ နီးပါးရှိသော ကမ္ဘာကြီးတွင် နှစ်နိုင်ငံချင်း ညှိနှိုင်းမှုများ အပေါ်သာ မှီခိုနေခြင်းသည် အချိန်ကုန်စေပြီး၊ ကမန်းကတန်းနှင့် စနစ်တကျ ပုံဖော်မထားသော သဘောတူညီချက်များကိုသာ ဧကန်မုချ ထွက်ပေါ်လာစေလိမ့်မည်။ ထို့ပြင် ဒါဇင်နှင့်ချီသော အခြားနိုင်ငံများအပေါ် တစ်ဖက်သတ် သဘောတူညီချက်များကို အတင်းအဓမ္မ သတ်မှတ်ခြင်း သည် တာဝန်ရှောင်တိမ်းမှုများကို အားပေးသကဲ့သို့ ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ကျ စိုးမိုးသူအနေဖြင့် ၎င်းပြုလုပ်ထားသော သဘောတူညီချက်အားလုံးကို လိုက်နာခြင်းရှိ-မရှိ စောင့် ကြည့် ရန်နှင့် အကောင်အထည်ဖော်ရန် ခက်ခဲလိမ့်မည်ကို ထိုနိုင်ငံများက သိရှိကြ သောကြောင့် ဖြစ်သည်။ ထရမ့်၏ ပထမသက်တမ်းအတွင်း ၂၀၂၀ ပြည့်နှစ်က လက်မှတ်ရေးထိုးခဲ့သော “ပထမ အဆင့်” (Phase One) ကုန်သွယ်ရေး သဘောတူညီချက်တွင် တရုတ်နိုင်ငံသည် အမေရိကန် ပို့ကုန်အားလုံးကို ဝယ်ယူရန် သဘောတူခဲ့သော်လည်း အမှန်တကယ် ဝယ်ယူခဲ့ခြင်း မရှိသည်ကို ထရမ့်အစိုးရအဖွဲ့သည် နောက်ကျမှ သိရှိသွားပုံရပြီး၊ အောက်တိုဘာလတွင် ထိုကိစ္စကို စုံစမ်း စစ်ဆေးမှုများ စတင်ခဲ့သည်။ ဝါရှင်တန်၏ နှစ်နိုင်ငံချင်း ကုန်သွယ်ရေးအစီအစဉ် အားလုံးတွင် လိုက်နာမှုရှိမရှိ စောင့်ကြည့်ရမည့်အလုပ်ကို အဆပေါင်းများစွာ တိုးမြှင့်ကြည့်မည်ဆိုပါက၊ အခြား နိုင်ငံများအနေဖြင့် ယခုအချိန်တွင် အလျှော့ပေးမည်ဟု ကတိပြုပြီး နောက်ပိုင်းတွင် မည်သို့ ပြန်လည်ဖောက်ဖျက်နိုင်သည်ကို မြင်တွေ့ရန် လွယ်ကူလှသည်။
နောက်ဆုံးအနေဖြင့်၊ အဖွဲ့အစည်းများကို စွန့်ပယ်ခြင်း၊ ဘုံတန်ဖိုးများကို လျှော့ချသတ် မှတ်ခြင်းနှင့် အင်အားနည်းသောနိုင်ငံများကို အနိုင်ကျင့်ခြင်းတို့သည် အမေရိကန်၏ ပြိုင်ဘက် များအတွက် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစာအုပ်ကို ၎င်းတို့၏ အကျိုးစီးပွားအတွက် အဆင်ပြေ မည့် နည်းလမ်းများဖြင့် ပြန်လည်ရေးသားရန် ပိုမိုလွယ်ကူသွားစေလိမ့်မည်။ ရှီကျင့်ဖျင် လက် ထက်တွင် တရုတ်နိုင်ငံသည် မိမိကိုယ်ကိုယ် လူသားအားလုံး၏ အကျိုးအတွက် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း များကို အားကောင်းအောင် လုပ်ဆောင်နေသည့် တာဝန်ယူမှုရှိပြီး ကိုယ်ကျိုးမဖက်သော ကမ္ဘာ့ အင်အားကြီးနိုင်ငံအဖြစ် ပုံဖော်ရန် ထပ်ခါတလဲလဲ ကြိုးပမ်းခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က တရုတ်အရာရှိများသည် အခြားအစိုးရများကို အကြောင်းမဲ့ စော်ကားခြင်းနှင့် အနိုင်ကျင့်ခြင်းများ ပြုလုပ်ခဲ့သည့် ထိပ်တိုက်ရင်ဆိုင်သော “ဝံပုလွေစစ်သည်တော်” (wolf warrior) သံခင်းတမန်ခင်း မှာ ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ရှားပါးသော ခြွင်းချက် အချို့မှလွဲ၍ တရုတ်သံတမန် များသည် ယခုအခါ နိုင်ငံတကာ ဖိုရမ်များတွင် ပိုမိုတက်ကြွပြီး ထိရောက်သော အင်အားစုတစ်ခု ဖြစ်လာနေသည်။
တရုတ်၏ လူသိရှင်ကြား ကြေညာချက်များသည် သိသိသာသာပင် ကိုယ်ကျိုးစီးပွား အတွက် ဖြစ်သော်လည်း၊ အချို့နိုင်ငံများသည် ဤအနေအထားကို ပိုမို၍ အနိုင်ကျင့်လာသော အမေရိကန်ပြည်ထောင်စု၏ နေရာတွင် ဆွဲဆောင်မှုရှိသော အစားထိုးရွေးချယ်စရာတစ်ခုအဖြစ် မြင်တွေ့နေကြသည်။ ပြီးခဲ့သည့် ဇူလိုင်လက Pew Research Center မှ ထုတ်ပြန်ခဲ့သည့် အဓိက နိုင်ငံပေါင်း ၂၄ နိုင်ငံ၏ စစ်တမ်းတစ်ခုတွင်၊ နိုင်ငံပေါင်း ၈ နိုင်ငံရှိ လူအများစုမှာ တရုတ်ထက် အမေရိကန်အပေါ် ပိုမိုကောင်းမွန်သော အမြင်ရှိကြသော်လည်း၊ နိုင်ငံပေါင်း ၇ နိုင်ငံမှ ဖြေဆိုသူ များမှာမူ တရုတ်ကို ပိုမိုနှစ်သက်ဖွယ်အဖြစ် ရှုမြင်ကြသည်။ ကျန်ရှိသော ၉ နိုင်ငံကမူ ထိုအင် အား ကြီး နှစ်နိုင်ငံကို အတူတူပင်ဖြစ်သည်ဟု ရှုမြင်ကြသည်။ သို့သော် လားရာများမှာ ပေကျင်း ဘက်သို့ ယိုင်နေသည်။ အစီရင်ခံစာတွင် ဖော်ပြထားသကဲ့သို့ “အမေရိကန်အပေါ် အမြင်များမှာ ပိုမိုဆိုးရွား လာနေပြီး တရုတ်အပေါ် အမြင်များမှာ ပိုမိုကောင်းမွန်လာနေသည်” ဟု ဆိုသည်။ အဘယ် ကြောင့် ထိုသို့ဖြစ်ရသည် ဆိုသည်ကို သိမြင်ရန် မခက်ခဲပေ။
အဓိကအချက်မှာ သားရဲကဲ့သို့ အနိုင်ကျင့်လိုသော ဗိုလ်ကျစိုးမိုးသူအဖြစ် ပြုမူခြင်းသည် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကာလရှည်ကြာ အမှီပြုလာခဲ့သည့်၊ ယခုအခါ ထရမ့်က အလွဲ သုံးစားလုပ်ရန် ကြိုးပမ်းနေသည့် အသာစီးရယူနိုင်စွမ်းကို ဖန်တီးပေးထားသော ‘သြဇာအာဏာနှင့် လွှမ်းမိုးမှုကွန်ရက်’ များကို အားနည်းသွားစေမည် ဖြစ်သည်။ အချို့သော နိုင်ငံများသည် ဝါရှင်တန် အပေါ် မှီခိုနေရမှုကို လျှော့ချရန် လုပ်ဆောင်ကြလိမ့်မည်။ အချို့က ၎င်း၏ ပြိုင်ဘက် များ နှင့် အစီအစဉ်သစ်များ ပြုလုပ်ကြလိမ့်မည်။ ထို့ပြင် အတော်များများက အမေရိကန်၏ ကိုယ်ကျိုးရှာ သော အပြုအမူများအတွက် လက်စားချေခွင့်ရမည့်အချိန်ကို မျှော်လင့်နေကြလိမ့်မည်။ ယနေ့ မဟုတ်နိုင်သလို၊ မနက်ဖြန်လည်း မဟုတ်နိုင်သော်လည်း၊ ပြင်းထန်သော တုံ့ပြန်မှု (backlash) တခုသည် အံ့အားသင့်ဖွယ် မြန်ဆန်စွာ ရောက်ရှိလာနိုင်သည်။ ဒေဝါလီခံရခြင်း၏ အစဦးနှင့် ပတ်သက်၍ အားနက်စ် ဟဲမင်းဝေး (Ernest Hemingway) ၏ ကျော်ကြားသော စကားစုကို ကိုးကားရလျှင် “သားရဲကဲ့သို့ အနိုင်ကျင့်လိုသော ဗိုလ်ကျစိုးမိုးမှုကို မဆုတ် မနစ် ကျင့်သုံးခြင်းသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ သြဇာအာဏာကို တဖြည်းဖြည်းချင်း ကျဆင်းစေပြီးနောက် ရုတ်တရက် ပြိုလဲသွားစေနိုင်သည်” ဖြစ်ပါသည်။
ရှုံးနိမ့်မည့် ဗျူဟာ (A LOSING STRATEGY)
ကမ္ဘာ့နိုင်ငံရေးတွင် အင်အားသုံးဖြေရှင်းမှု (Hard power) သည် အဓိကကျသော တန်ဖိုး တခု အဖြစ် ရှိနေဆဲဖြစ်သည်။ သို့သော် ထိုအင်အားကို မည်သည့်ရည်ရွယ်ချက်အတွက် အသုံးပြု သနည်း၊ မည်သို့ကိုင်တွယ်ကျင့်သုံးသနည်း ဆိုသည့်အချက်ကသာ နိုင်ငံတစ်ခု၏ အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ထိရောက်မှု ရှိမရှိကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ပထဝီဝင်အနေအထား၏ မျက်နှာသာပေးမှု၊ ကြီးမားပြီး ခေတ်မီဆန်းသစ်သော စီးပွားရေး၊ မယှဉ်နိုင်သော စစ်အင်အားနှင့် ကမ္ဘာ့အရန်ငွေကြေးနှင့် အဓိကကျသော ဘဏ္ဍာရေးကွန်ရက်များကို ထိန်းချုပ်နိုင်မှု စသည့် ကောင်းချီးများကို ပိုင်ဆိုင်ထား သဖြင့် လွန်ခဲ့သည့် ၇၅ နှစ်အတွင်း အခြားနိုင်ငံအများအပြားအပေါ် ထူးကဲသော ဆက်နွှယ်မှုနှင့် မှီခိုမှုများကို တည်ဆောက်နိုင်ခဲ့ပြီး သိသာထင်ရှားသော အသာစီးရယူနိုင်စွမ်း (Leverage) ကို ရရှိခဲ့သည်။
ထိုအသာစီးရယူနိုင်စွမ်းကို ဗြောင်ကျကျ အလွန်အမင်း အမြတ်ထုတ်ခြင်းသည် မိမိကိုယ် ကို ပြန်လည်အားနည်းသွားစေနိုင်သောကြောင့်၊ အမေရိကန်ခေါင်းဆောင်များသည် မိမိတို့ လက်ဝယ်ရှိ အာဏာကို ခြိုးခြံချွေတာပြီး ထိန်းထိန်းသိမ်းသိမ်း အသုံးပြုခဲ့သည့်အချိန်များတွင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒမှာ အောင်မြင်မှုအရှိဆုံး ဖြစ်ခဲ့သည်။ ၎င်းတို့သည် စိတ်တူ ကိုယ်တူနိုင်ငံများနှင့်အတူ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့်အစီအစဉ်များကို ဖန်တီးရန် လုပ်ဆောင် ခဲ့ကြသည်။ အကြောင်းမှာ အမေရိကန်၏ လောဘဇောကို မကြောက်ရတော့မှသာ အခြားသူများ သည် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပိုမိုဆန္ဒရှိလာမည်ဖြစ်ကြောင်း နားလည်ထား သော ကြောင့် ဖြစ်သည်။ ဝါရှင်တန်တွင် သံလက်သီး (mailed fist) ရှိသည်ကို မည်သူမျှ သံသယ မဖြစ်ခဲ့ ကြပေ။ သို့သော် ထိုသံလက်သီးကို ကတ္တီပါလက်အိတ် (velvet glove) ဖြင့် ဖုံးအုပ်ထားခြင်း ဖြစ် သည်။ ဆိုလိုသည်မှာ အင်အားနည်းသောနိုင်ငံများကို လေးစားစွာ ဆက်ဆံခြင်းနှင့် အခြားသူများ ထံမှ ရနိုင်သမျှ အကျိုးအမြတ်အားလုံးကို အတင်းအဓမ္မ ညှစ်ထုတ်ရန် မကြိုးပမ်း ခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အရေးပါဆုံးသော နိုင်ငံများအား (စီးပွားရေး နဲ့ စစ်ရေးအင်အားရှိတဲ့ ဂျပန်၊ ဂျာမနီ၊ ဗြိတိန် စတဲ့ နိုင်ငံကြီးတွေကို ရည်ညွှန်းတာပါ) ၎င်း၏ အဓိက ပြိုင်ဘက်များနှင့် (ဆိုဗီယက်၊ တရုတ် နိုင်ငံများကို ဆိုလိုတာပါ) မိတ်ဖက်ပြုခြင်းထက် အမေရိကန် ၏ နိုင်ငံခြားရေးမူဝါဒဘက်မှ ရပ်တည်ခြင်းက ပိုမိုကောင်းမွန်ကြောင်း ယုံကြည် လက်ခံလာအောင် စွမ်းဆောင်နိုင်ခဲ့သည်။
သားရဲကဲ့သို့ အနိုင်ကျင့်လိုသော ဗိုလ်ကျစိုးမိုးမှု (Predatory hegemony) သည် ရေတို အကျိုးအမြတ်ကို ရှေးရှုပြီး မိမိအားသာချက်များကို ဖြုန်းတီးပစ်ကာ ရေရှည်ဆိုးကျိုးများကိုလည်း လျစ်လျူရှုထားသည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်းကို ဆန့်ကျင်မည့် ကြီးမားသော မဟာမိတ်အဖွဲ့ကြီးနှင့် ရင်ဆိုင်ရတော့မည် သို့မဟုတ် လွတ်လပ်ရေး ဆုံးရှုံးတော့မည်ဟု ဆိုလို ခြင်း မဟုတ်ပါ။ ၎င်းသည် ထိုကဲ့သို့သော ကံကြမ္မာကို ခံစားရရန်အတွက် အလွန်အင်အားကြီးမား ပြီး အသာစီးရသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။ သို့သော် ဗိုလ်ကျလိုမှုကြောင့် ယနေ့ ခေတ် အမေရိကန်နိုင်ငံသား အများစု၏ တစ်သက်တာတွင် ကြုံတွေ့ခဲ့ရသမျှထက် ပိုမိုဆင်းရဲ လာမည်၊ လုံခြုံမှု လျော့နည်းလာမည်ဖြစ်ပြီး သြဇာအာဏာလည်း ကျဆင်းလာမည် ဖြစ်သည်။ အနာဂတ် အမေရိကန်ခေါင်းဆောင်များသည် ပိုမိုအားနည်းသော အနေအထားမှ နိုင်ငံအတွက် လုပ်ဆောင်ရလိမ့်မည် ဖြစ်ပါသည်။ ဝါရှင်တန်အား “မိမိအကျိုးကို ကြည့်သော်လည်း တရားမျှတမှု ရှိသော မိတ်ဖက်” ဟူသည့် ဂုဏ်သတင်း ပြန်လည်ရရှိရန် ခက်ခဲသော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရ လိမ့်မည်။ သားရဲကဲ့သို့ အနိုင်ကျင့်လိုသော ဗိုလ်ကျစိုးမိုးမှုသည် ရှုံးနိမ့်မည့် ဗျူဟာတစ်ခုသာ ဖြစ်သည်။ ထရမ့် အစိုးရအဖွဲ့အနေဖြင့် အနိုင်ကျင့်ဗိုလ်ကျမှုကို အမြန်ဆုံး စွန့်လွှတ်နိုင်လေ၊ ပိုမိုကောင်းမွန်လေ ဖြစ်ပါသည်။
ပြီး

