အမျိုးသား ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲကျင်းပ

အမျိုးသား ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲကျင်းပ

New Myanmar Foundation ၏ အမျိုးသား ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ၃၀.၁.၂၀၂၃ ခုနှစ် တနင်္လာနေ့ မနက် (၁၀) နာရီမှာ ပြုလုပ်ခဲ့ပါသည်။

စတုတ္ထအကြိမ်မြောက် ဆံပင်ညှပ်သင်တန်းတွင် အမျိုးသား (၈)ဦး တက်ရောက်သင်ကြားခဲ့ ပါသည်။ သင်တန်းကာလ (၅)ပတ်ကြာမြင့်ခဲ့ပြီး ခေါင်းလျှော်၊ ဆံပင်ညှပ်၊ ဆံပင်ဆေးဆိုး၊ ဟိုက်လိုက်ဖောက်၊ မျက်နှာဆေး ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြကာ သင်တန်းနောက်ဆုံးအပတ်တွင် စာမေးပွဲဖြေဆို၍ ထိုက်ထိုက်တန်တန်အောင်မြင်ခဲ့ကြခြင်းဖြစ်ပါသည်။ (၂) ပတ်တာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီး (၃) ပတ်တာ လက်တွေ့ကွင်းဆင်း လေ့ကျင့်ခဲ့ကြခြင်းဖြစ်ပါသည်။

New Myanmar Foundationမှ Monitoring & Evaluation Officer ဦးဝိုင်းချစ်အောင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် NMF အနေဖြင့် အားလုံးလုပ်ငန်းခွင်ဝင်ကြကာ ဝင်ငွေရရှိစေရန်၊ ဒီမိုကရေစီအရေးလုပ်ငန်းများနှင့် တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုရန် ရည်ရွယ်၍ ဆံပင်ညှပ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် မိမိတို့၏ Network ကို တတ်နိုင်သမျှချဲ့ကြရန်၊ လုပ်ငန်းခွင်ဝင်ရာတွင် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်၍ ဖိနှိပ်ခံရပါက ရှေ့နေဖြစ်သော လူ့အခွင့်အရေးသင်တန်းဆရာမကို ဆက်သွယ်ရန်၊ NMF မှ အခြားလုပ်ဆောင်နေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကာ လိုအပ်ပါက ဆက်သွယ်ရန် ပြောကြားခဲ့ပါသည်။

ထို့နောက်သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး၊ သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်းဆင်းပြီးနောက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ပြောကြားကာ သင်တန်းဆင်းနှုတ်ဆက်စကားပြောကြားခဲ့ကြပြီးနောက် အမှတ်တရဓါတ်ပုံရိုက်ကူးကာ သင်တန်းဆင်းပွဲကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Online Data Collector Positions အတွက် လျှောက်လွှာများခေါ်ယူခြင်း

Online Data Collector Positions အတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation အနေဖြင့် Human Rights Program ကို ယခုနှစ်ဆန်းမှစတင်၍ နောင်လာမည့် (၅) နှစ်ထိ Data အချက်အလက်များကောက်ယူခြင်းလုပ်ငန်းအတွက် (Data Collectors) လျှောက်လွှာများ ခေါ်ယူနေပါသည်။

လျှောက်လွှာအသေးစိတ်ကို Google Drive တွင် ရယူနိုင်ပါသည်။ လျှောက်လွှာတင်ရန် Email : humanrights.nmf@gmail.com သို့ CV form ကို အထက်ပါ email သို့ပို့ပေးပါရန်။ CV form ထဲတွင် လူ့အခွင့်အရေး လုပ်ဆောင်ချက်များရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာထည့်သွင်းရေးသားရန်။

ပြည်တွင်းအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ခဲ့ဖူးပါက ထည့်သွင်းရေးသားရန်။ CV form ထဲတွင် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ (၂) ယောက်၏ နာမည်, ဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်, email, signal ဖုန်းနံပါတ်များ ထည့်သွင်းရေးသားရန်။

အသေးစိတ်မေးမြန်းလိုပါက . . . .

Ma Linn

Telegram – +66613720917

Email: humanrights.nmf@gmail.com

Human Rights Program

အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၂၇) သင်တန်း ဖွင့်ပွဲ

အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၂၇) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း (၁၀)ရက်ကြာ ဖွင့်လှစ်မည့်အပတ်စဉ် -(၂၇)သင်တန်းဖွင့်ပွဲကို (၁၅-၁-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါ သည်။

ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ –

ကိုယ်ပိုင်အစွမ်းအစတွေနဲ့ ဘဝကိုရပ်တည်နိုင်ဖို့ ပြင်ဆင်ကြတယ် ဆိုတာတွေ့ရလို့ ဝမ်းသာစွာကြိုဆိုပါကြောင်း ၊ New Myanmar Foundation ၏ ဆောင်ရွက်နေမှုများကို ရှင်းပြပေးပြီး စနစ်တကျ စည်းကမ်းတကျ လျှောက်လွှာတင် ရယူနိုင်ကြောင်း ၊ လူ့အခွင့်အရေးမျှဝေတဲ့အခါ ရော စက်ချုပ်ပညာသင်ယူရာမှာရော စိတ်ရောကိုယ်ပါ လေ့လာသင်ယူကြဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏သင်တန်း ဖွင့်လှစ် ပေးရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ / သား (၁၀) ဦးကို ကြိုဆို ကြောင်း ၊ ရောက်ရှိလာကြတဲ့ တစ်ဦးချင်းစီသည် ကိုယ့်နိုင်ငံအရေးတွေကို လစ်လျူရှုခဲ့သူတွေ မဟုတ်ဘူး ဆိုတဲ့စိတ်ဓါတ်တွေကြောင့် လေးစားပါကြောင်း ၊ အချင်းချင်းစောင့်ရှောက်ကြပြီး စည်းကမ်းရှိရှိနဲ့ အထည်ချုပ်ပညာကို အလေးအနက်ထား သင်ယူ ကြဖို့ အားပေးကြောင်း ၊ အထည်ချုပ်အသက်မွေးမှုပညာ သည် ဒေသအသီးသီး နိုင်ငံအသီးသီးမှာလည်း အလုပ်အကိုင် အခွင့်အလမ်းရှိတာမို့ စနစ်တကျ အလေးထားသင်ယူသွားကြဘို့ တိုက်တွန်းချင်ပါကြောင်း ပြောခဲ့ပါသည်။

သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။

အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့် အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိပညာများကို လည်း ဝေငှပေးသွားမည် ဖြစ်ပါသည်။

အခြေခံမော်တာနင်းစက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။