၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော ခရစ္စမတ် အခါသမယအတွက် သ၀ဏ်လွှာပေးပို့ခြင်း
ခရစ္စမတ်အခါသမယတွင် မြန်မာနိုင်ငံသား ခရစ်ယာန်ဘာသာ၀င်မိတ်ဆွေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း New Myanmar Foundationမှ ဆုတောင်းမေတ္တာ ပေးပို့အပ်ပါသည်။
ယခင်က ခရစ္စမတ်ပွဲတော်များအား တကမ္ဘာလုံးနည်းတူ မြန်မာနိုင်ငံတွင်လည်း မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများ စုံညီပျော်ရွှင်စွာဖြင့် ကျင်းပနိုင်ခဲ့ကြပါသည်။ နေရာအနှံ့အပြားတွင် ပျော်ပွဲရွှင်ပွဲများ၊ အလှဆင်မှုများဖြင့် မိမိတို့၏ ဘာသာရေးပွဲတော်ကြီးအား လွတ်လပ်ပျော်ရွှင်စွာ ကျင်းပခွင့်ရခဲ့ပါသည်။ ယခုအခါတွင်မူ မိမိတို့မြန်မာပြည်သူပြည်သားအားလုံးမှာ အကြမ်းဖက်စစ်တပ်၏ မတရား အာဏာသိမ်းမှုကြောင့် မည်သည့်ပွဲတော်ကိုမျှ လွတ်လပ်ပျော်ရွှင်စွာ ကျင်းပနိုင်ခြင်းမရှိတော့ပါ။
ခရစ်ယာန်ဘာသာ အလွန်ထွန်ကားသော ပြည်နယ်များတွင် အကြမ်းဖက်စစ်တပ်၏ မတရားထိုးစစ်ဆင်မှုများ၊ လက်နက်ဖြင့် အနိုင်ကျင့်မှုများ၊ မီးရှို့ဖျက်စီးမှုများ၊ မတရားညှင်းပန်းနှိပ်စက်မှုများ၊ ဖမ်းဆီးမှုများကြောင့် မိမိတို့အလေးထားရာ ဘာသာရေးပွဲတော်ကြီးအား ပျော်ရွှင်စွာကျင်းပနိုင်ရေး ပိုမိုအလှမ်း၀ေးကွာခဲ့ရကာ၊ အတူတကွကျင်းပကြမည့် မိသားစုဝင်များပင် စုံလင်အောင်မရှိနိုင်တော့သည့် အခြေအနေသို့ ကျရောက်နေရပါသည်။
အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံသူနိုင်ငံသားများအပေါ် မတရားသောနည်းမျိုးစုံတို့ဖြင့် အကြမ်းဖက်ဖိနှိပ်လာခဲ့သည်ကို ယခုအချိန်ထိ ကြံ့ကြံ့ခံ တွန်းလှန်နေခဲ့သော တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး၊ ဘာသာပေါင်းစုံ ပြည်သူပြည်သားအားလုံးကိုလည်း အထူးဂုဏ်ယူလေးစားပါသည်။ မိမိတို့လိုလားသော လွတ်လပ်၍တရားမျှတသော ဒီမိုကရေစီပန်းတိုင်ကို မဆုတ်မနစ် ဆက်လက် တိုက်ပွဲ၀င်သွားကြရပါဦးမည်ဖြစ်ပါသည်။ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ကြိုးစားသွားကြမည် ဟုလည်း ယုံကြည်ပါသည်။
မိမိတို့လိုလားသော အနာဂတ်ဖက်ဒရယ်နိုင်ငံတော်ကြီးအား မိမိတို့နိုင်ငံသားအားလုံးမှ ၀ိုင်း၀န်းတည်ဆောက် ပုံဖော်နိုင်ကြပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားအားလုံးလည်း ကျန်းမာချမ်းသာ၍ မိမိတို့လိုရာပန်းတိုင်သို့ လျင်မြန်စွာရောက်ရှိနိုင်ကြပါစေကြောင်း ဤထူးမြတ်သော ခရစ္စမတ်ကာလတွင် ထပ်လောင်းဆုမွန်ကောင်းတောင်းလိုက်ရပါသည်။